close

သေဒဏ်ပေးမည့်အစီအစဉ် ပြန်သုံးသပ်ရန် မြန်မာစစ်ခေါင်းဆောင်ကို ဝန်ကြီးချုပ်ဟွန်ဆန် တိုက်တွန်း

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်အပါအဝင် အတိုက်အခံနိုင်ငံရေးအကျဉ်းသား လေးယောက်ကို  သေဒဏ်ပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က စစ်အာဏာရှင်မင်းအောင်လှိုင်ကို ပြန်လည်သုံးသပ်ဖို့တိုက်တွန်းထားတဲ့ စာတစ်စောင်ပေးပို့လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့စာမှာတော့“အခုချိန်မှာ ကျွန်တော်တို့ရဲ့ဒေသဟာ အင်အားကြီးနိုင်ငံတွေအတွက် ဗျူဟာမြောက် ပထဝီဝင်အနေအထားအဖြစ် စိတ်ဝင်စားခြင်းခံနေရပြီး သူတို့ရဲ့ ယှဉ်ပြိုင်မှုဟာလည်းပိုပိုပြီး ပြင်းထန်လာနေတာကို သတိထားမိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ အာဆီယံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ ယုံကြည်စိတ်ချရမှုနဲ့ ပြည်သူအခြေပြုအုပ်ချုပ်ရေး သက်ရောက်မှုရှိတဲ့ ဒေသဖြစ်စေရေးတို့ကို အားလုံးက စိတ်ဝင်တစားအာရုံစိုက်လျက်ရှိနေကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုလည်း တစ်ကမ္ဘာလုံးက စောင့်ကြည့်လျက်ရှိနေပါတယ်။ အတိုက်အခံအကျဉ်းသားတွေကို သေဒဏ်ပေးခြင်းနဲ့ ကွပ်မျက်မယ့်အစီအစဉ်ရှိကြောင်း သတင်းတွေကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ အာဆီယံရဲ့မိတ်ဖက်နိုင်ငံတွေကပါ စိုးရိမ်နေရပါတယ်။ အကယ်၍သာ စီစဉ်ထားတဲ့အတိုင်း ကွပ်မျက်မယ့်အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပြင်းထန်တဲ့ရှုတ်ချတုံ့ပြန်မှု အမြောက်အမြားကို ပြန်လည်ရရှိလာမှာဖြစ်တယ်လို့ ကျွန်တော်တို့ ကမ္ဘောဒီးယားက ယုံကြည်ပါတယ်။”လို့ ရေးသားဖော်ပြထားပါတယ်။

အာဆီယံ ဘုံသဘောတူညီမှု ၅ ချက်အတိုင်း သက်ဆိုင်သူတွေအားလုံး တွေ့ဆုံညှိနှိုင်းပြီး မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှုရစေမယ့် နည်းလမ်းကိုရှာဖွေကာ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေဖို့အတွက် အာဆီယံရဲ့ ဥက္ကဋ္ဌနေရာမှာတာဝန်ယူနေရတဲ့ ကမ္ဘောဒီးယားနဲ့အတူ အာဆီယံရဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေအပေါ်မှာ အကြီးအကျယ်ထိခိုက်စေတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေမယ်လို့လည်းဆိုပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရဲ့ နိုင်ငံတွင်းပြန်လည်သင့်မြတ်ရေးတို့ကို ရှေးရှုလျက် စစ်ကောင်စီ အနေနဲ့ အတိုက်အခံတွေအပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို ပြန်လည်သုံးသပ်ပြီး သေဒဏ်ပေးခြင်းနဲ့ ကွပ်မျက်ဖို့ စီစဉ်ထားတာကို  ရှောင်ကြဉ်ဖို့  ဟွန်ဆန်က တိုက်တွန်းပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ  ဝေဖန်ဆန္ဒပြမှုတွေရှိနေတဲ့ကြားက ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကနေပြည်တော်ကို သွားရောက်ပြီး အာဏာသိမ်း စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ 

Photo Credit- Cambodia PM

//
Up