close

ဝန်ကြီးချုပ်

close

February 17, 2023

ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားများ တရားမဝင်စီးပွားရေးဝင်လုပ်ခွင့်ရနေသည့်ကိစ္စ လွှတ်တော်တွင် ဝန်ကြီးချုပ် မေးခွန်းထုတ်ခံရ

နိုင်ငံတကာရာဇဝတ်မှုနဲ့ ပတ်သက်သူတွေနဲ့ နိုင်ငံထဲမှာ ဝင်ရောက်နေထိုင်ပြီး တရားမဝင်စီးပွားရေး လုပ်ကိုင်နေနိုင်တဲ့ကိစ္စ၊ ငွေကြေးခဝါချမှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်နဲ့ ဆက်နွှယ်တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို ထိုင်း လွှတ်တော်အမတ်တွေက မေးခွန်းထုတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံရဲ့ လွှတ်တော်အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်လည်စတင်ပြီး အတိုက်အခံပါတီလွှတ်တော်အမတ်တွေက လက်ရှိထိုင်းဝန်ကြီးချုပ် ပရာယုဒ်အစိုးရရဲ့ အားနည်းချက်တွေကို တင်ပြကာ ပြစ်တင် ဝေဖန်ခဲ့မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်။

အထူးသဖြင့် နိုင်ငံတကာရာဇဝတ်မှုနဲ့ ပတ်သက်သူတွေ နိုင်ငံထဲမှာ ဝင်ရောက်နေထိုင်ကာ တရားမဝင်စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေနိုင်တဲ့ကိစ္စ၊ နိုင်ငံခြားစီးပွားရေးသမားတွေကို ရပ်ကွက်တခုလိုဖြစ်နေတဲ့ အိမ်ရာတခုလုံး ဝယ်ယူခွင့်ပြုပြီး ထိုင်းနိုင်ငံသား ပြောင်းပေးတဲ့ကိစ္စ၊ ဒီအခြေအနေထိ ရောက်လာနိုင်တာဟာ အစိုးရက မသိချင်ယောင်ဆောင်နေတာလား၊ ပါဝင်ပတ်သက်နေတာလားလို့ လွှတ်တော်အမတ်တွေက မေးခွန်းထုတ်ပါတယ်။

ဒါ့အပြင်ဝန်ကြီးချုပ် ပရာယုဒ်က ရွေးချယ်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တယောက်က  ငွေကြေးခဝါချမှုနဲ့ အဖမ်းခံထားရတဲ့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင် ဦးထွန်းမင်းလတ်နဲ့ ပတ်သက်နေတဲ့ကိစ္စ၊ အွန်လိုင်းငွေလိမ်မှုတွေ မနှိမ်နင်းနိုင်တာ၊ ရဲတပ်ဖွဲ့က ထိရောက်စွာ မနှိမ်နင်းပေးတဲ့အပြင် နစ်နာသူတွေကို ပိုမိုဝန်ပိစေတဲ့ကိစ္စ၊ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်း ကျဆင်းတဲ့ကိစ္စ စတာတွေကို ဖွေထိုင်းပါတီနဲ့ ကောက်ကလိုင် (Move forward party) ပါတီတို့က အချက်အလက်တွေနဲ့ တင်ပြပြီး ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်မှာ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းမဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။

ဦးထွန်းမင်းလတ်ဟာ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပကျာရီယန်းကွန်းနဲ့လည်း အကျိုးတူစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမှာတော့ သူဟာ မူးယစ်ဆေးဝါးရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲခံထားရပါတယ်။ 

ဝန်ကြီးချုပ် ပရာယုဒ်ကျန်အိုးချားကတော့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေ တရားမဝင်လုပ်ငန်း လုပ်ကိုင်နေတဲ့ကိစ္စ နှိမ်နင်းဖို့ သူကစပြီး ညွှန်ကြားချက်ပေးခဲ့တာ ဖြစ်ကြောင်း၊ နိုင်ငံခြားသားတွေကို အိမ်ရာရောင်းချပေးပြီး ထိုင်းနိုင်ငံသားဖြစ်ခွင့်ပြုတဲ့မူဝါဒ သူ့အစိုးရလက်ထက်မှာ လုံးဝမရှိဘူးလို့  လွှတ်တော်မှာ ငြင်းဆိုခဲ့ပါတယ်။

လက်ရှိအဖမ်းခံထားရတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် တုဟောင်ဟာ ထိုင်းအမျိုးသမီးနဲ့ လက်ထပ်ထားလို့ ဥပဒေအရ ထိုင်းနိုင်ငံသား ခံယူခွင့်ရှိပြီး အဲဒါဟာ လွန်ခဲ့တဲ့ ပါတီ (ဖွေထိုင်းပါတီဟု တည့်တည့်မပြော) အစိုးရလက်ထက် ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး သူက ၂၀၁၄ ခုနှစ်မှာမှ အစိုးရဖြစ်လာတာ၊ တုဟောင်ရဲ့ အမျိုးသမီး ရဲဝန်ထမ်းဟာ အဲဒီခေတ်က ဝန်ကြီးချုပ်နဲ့ အလွန်ရင်းနှီးတယ်၊ အဲဒီတုန်းက ဘာဖြစ်လို့ နှုတ်ဆိတ်နေကြသလဲလို့ ပြန်မေးပါတယ်။

မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ ငွေကြေးခဝါချမှု အရေးယူရေးတွေဟာ ဌာနဆိုင်ရာတွေက ဥပဒေအရ သူ့ဝတ္တရားအတိုင်း အရေးယူဆောင်ရွက်နေကြောင်း၊ အကျင့်ပျက် ဝန်ထမ်းတွေကို ဘက်လိုက်တာ၊ အားပေးတာ လုံးဝမရှိကြောင်း၊ တချို့လုပ်ငန်းစဉ်မှာ အခြေအနေကြောင့် နှောင့်နှေးတာတော့ ရှိနိုင်ကြောင်း၊ ကျူးလွန်သူတွေ အပြစ်ပေးတာ တရားစီရင်ရေးဌာနက ဆောင်ရွက်နေတာတွေကို ဘာမှမစွက်ဖက်လိုကြောင်း၊ သူ့လက်ထက်မှာ မူးယစ်ဆေးဝါးသံသယနဲ့ လူ ၂,၀၀၀၊ ၃,၀၀၀ ပစ်သတ်ပစ်တာမျိုး မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

လက်ရှိပြဿနာတချို့ဟာ အရင်အစိုးရလက်ထက်ကတည်းက မဖြေရှင်းနိုင်ခဲ့လို့ ဆက်လက် ဖြစ်ပေါ်နေတဲ့ ပြဿနာတွေဖြစ်ကြောင်း၊ အရင်အစိုးရလက်ထက်တွေမှာ ထောင်ကျတဲ့ ဝန်ကြီးတွေ၊ ပြည်ပြေးဖြစ်နေရတဲ့ ဝန်ကြီးတွေရှိတယ်၊ သူ့လက်ထက်မှာ ဒါမျိုး တယောက်မှမရှိဘူး။ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို မကြည့်ဘဲ၊ မမြင်ဘဲ၊ သေချာနားမထောင်ဘဲ အပြစ်တွေကိုပဲ ရှာကြံတင်ပြနေကြတယ်၊ တင်ပြလာတဲ့ အကြံကောင်းတွေ ငါတို့လည်းကြံစည်ခဲ့တယ်၊ လက်တွေ့မှာ လုပ်လို့မရတာရှိတယ်၊ သင်တို့အစိုးရဖြစ်မှ လုပ်ကြည့်ကြပေါ့လို့ ဝန်ကြီးချုပ်ကပြောပါတယ်။

အတိုက်အခံအမျိုးသမီးလွှတ်တော်အမတ်တဦးက ဝန်ကြီးချုပ်အား ခွေးစကားပြောတာလားလို့ ပြောဆိုခဲ့တဲ့ပေါ် လွှတ်တော်ထဲမှာ အပြောအဆိုတွေလည်း ယဉ်ကျေးမှုရှိကြဖို့ လွှတ်တော်ဆိုတာ လူကြီးလူကောင်းပီသစွာ ဂုဏ်သိက္ခာရှိရှိ ဆွေးနွေးရမယ့်နေရာဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယုဒ်က တုံ့ပြန်ပြောဆိုသွားပါတယ်။

Photo-Khaosod

5 mins Ago

January 8, 2023

သြစတြေးလျ ရေဘေးဒုက္ခသည်များကို ထောက်ပံ့ရန်အသင့်ရှိဟု ဝန်ကြီးချုပ်ပြော

သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနိစ်ဟာ စံချိန်တင်ရေလွှမ်းမိုးခဲ့တဲ့ သြစတြေးလျ အနောက်ပိုင်းက ဝေးလံခေါင်သီပြီး သီးခြားတည်ရှိနေတဲ့ ဒေသခံတွေအတွက် လိုအပ်တဲ့အကူအညီအားလုံးကို ထောက်ပံ့ပေးဖို့ အစိုးရအနေနဲ့အဆင့်သင့်ရှိကြောင်း ဇန်နဝါရီ ၇ ရက်က ပြောပါတယ်။

ဗြိတိန်နိုင်ငံထက် သုံးဆပိုမိုနီးပါး ပိုမိုကျယ်ဝန်းတဲ့ ကင်မ်ဘာလေဒေသမှာ အပူပိုင်းဆိုင်ကလုန်း မုန်တိုင်းဟောင်း အယ်လ်လီ ဝင်ရောက်မှုကြောင့် မိုးသည်းထန်းစွာရွာသွန်းမှုကနေ ရေကြီးမှု ကပ်ဘေးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ 

ဒီရေကြီးမှုကြောင့် အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့နေရာတွေထဲက လူဦးရေ ၁၃၀၀ ၀န်းကျင်နေထိုင်တဲ့ ဖစ်ဇ်ရွိုင်းခရော့ဆင်း မြို့လေးကို လေကြောင်းကတဆင့် အကူအညီတွေပေးပို့ခဲ့ရပြီး ဒါဟာ ပြည်နယ်အတွက် စံချိန်တင်အဆိုးရွားဆုံးရေကြီးမှုတခု ဖြစ်တယ်လို့ အာဏာပိုင်တွေက ဆိုပါတယ်။ 

အယ်လ်ဘနိစ်ရဲ့ လေဘာအစိုးရဟာ သြစတြေးလျအနောက်ပိုင်း ပြည်နယ်အစိုးရနဲ့အတူ ဒီကပ်ဘေးအတွက် အပြုသဘောနဲ့ လုပ်ကိုင်ပေးနေတယ်လို့ ဝန်ကြီးချုပ် က ပြောကြားခဲ့ပါတယ်။

ဒီထဲမှာ လူနေနည်းပါးတဲ့ဒေသက အပန်းဖြေမြို့တခုဖြစ်တဲ့ ဘရွန်မ်းမြို့လည်း အပါ အဝင် ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် မိုးရွာသွန်းမှုများပြားစေတဲ့ လာနီညာရာသီဥတုအခြေအနေ နှစ်အတန်ကြာ ဖြစ်ပွားနေတာကြောင့် သြစတြေးလျအရှေ့ပိုင်းမှာ ပြီးခဲ့တဲ့၂နှစ်အတွင်း မကြာခဏရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာလည်း ဒီအရေးပေါ်အခြေအနေတွေ ပေါ်ပေါက် လာခဲ့တာဖြစ်ပါတယ်။ တချို့ဒေသတွေမှာဆိုရင် အဓိကရေကြီးမှု ကပ်ဘေးကို ပြီးခဲ့တဲ့နှစ်ကစလို့ ၄ ကြိမ်တိုင် ရင်ဆိုင်ခဲ့ရပါတယ်။ 

1 month Ago
Up