ကစားသမားသစ်တွေဖြစ်တဲ့ ကိုင်ဟားဗတ်ဇ်နဲ့ တီမိုဝါနာတို့ဟာ အခုထက်ပိုပြီး တိုးတက်လာနိုင်စရာ ရှိသေးတယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ မနေ့ညက ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို ၃ ဂိုး ၁ ဂိုး အနိုင်ရလဒ်နဲ့ စတင်နိုင်ခဲ့ပြီး ဒီပွဲမှာ ကစားသမားသစ်တွေဖြစ်တဲ့ ဟားဗတ်ဇ်နဲ့ ဝါနာတို့ နှစ်ဦးစလုံး ပါဝင်ကစားခဲ့ပါတယ်။
ဘရိုက်တန်နဲ့ပွဲမှာ ချဲလ်ဆီးအသင်းဟာ ဦးဆောင်ဂိုးကို ပင်နယ်တီကနေ ရရှိခဲ့တာဖြစ်ပြီး ဒီဂိုးမှာ တီမိုဝါနာကလည်း တစိတ်တပိုင်း ပါဝင်ပတ်သက်မှု ရှိနေပါတယ်။ ဝါနာကြောင့်ရတဲ့ ပင်နယ်တီကို ဂျော်ဂျင်ဟိုက ကန်သွင်းယူခဲ့တာဖြစ်ပြီး ဟားဗတ်ဇ်ကတော့ အသင်းဖော်အသစ်တွေနဲ့ အသားကျဖို့ အချိန်လိုအပ်နေသေးတယ်ဆိုတာ မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ လမ်းပတ်က ကစားသမားသစ် နှစ်ဦးစလုံးအတွက် ကျေနပ်မိကြောင်းပြောဆိုခဲ့ပြီး သူတို့တွေဟာ အခုထက် ပိုကောင်းလာဦးမှာဖြစ်တယ်လို့ ပြောပါတယ်။
ဟားဗတ်ဇ်နဲ့ပတ်သက်ပြီး လမ်းပတ်က “ကျနော် သူ ကစားတာကို သဘောကျပါတယ်။ သူ အခွင့်အရေးကောင်းတွေ မဖန်တီးနိုင်ခဲ့ပေမယ့် အရည်အသွေးနဲ့ တည်ငြိမ်မှုကို ပြသနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးကြောင့် ဖိအားရှိနေပေမယ့် သူဟာ လူငယ်ကစားသမားဖြစ်ပြီး လိဂ်အသစ်ကို လာကစားရတာပါ။ သူဟာ ကောင်းမွန်တဲ့ ဘောလုံးလက်ခံယူမှုတွေ၊ ဘောလုံးဖြတ်တောက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျနော်တို့ သူ့ဆီက ဒီထက်ကောင်းတဲ့အရာတွေကို ထပ်မံမြင်တွေ့ရမှာပါ။ သူဟာ တကယ့်ကိုပါရမီရှိတဲ့ လူငယ်ကစားသမားတစ်ဦးလို့ ကျနော် ယူဆပါတယ်” လို့ ပြောပါတယ်။
တီမိုဝါနာနဲ့ပတ်သက်ပြီးတော့လည်း “ကျနော် သူ့ရဲ့နေရာစုံမှာရှိနေမှုကို သဘောကျပါတယ်။ သူဟာ ဗဟိုနောက်ခံလူတွေကို ဆွဲထုတ်မယ့် တိုက်စစ်မှူးမျိုး မဟုတ်ပါဘူး။ တစ်ခါတရံမှာ သူဟာ အနောက်ကိုဆင်းပြီး ဘောလုံးလက်ခံယူတတ်သလို ပင်နယ်တီရသွားခဲ့တဲ့ အလုံးမှာလည်း သူ့ရဲ့ပြေးအားကို မြင်တွေ့ခဲ့ရပါတယ်။ သူဟာ ဂိုးသွင်းဖို့ကို တကယ်ဆာလောင်နေသူ ဖြစ်ပါတယ်။ သူ့ဆီမှာ ကျနော်တို့အသင်းအတွက် လုပ်ဆောင်ပေးမယ့်အရာတွေကို မြင်တွေ့နေရပါတယ်” လို့လည်း လမ်းပတ်က ပြောပါတယ်။
ဘရိုက်တန်နဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ဂျော်ဂျင်ဟို၊ ဂျိမ်းစ်နဲ့ ဇူးမားတို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ လာမယ့်သီတင်းပတ်မှာ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒီပွဲစဉ်မှာတော့ နောက်ထပ်ကစားသမားအသစ်တွေ ဖြစ်တဲ့ ဟာကင်ဇီယတ်နဲ့ ဘန်ချီဝဲလ်တို့ ပါဝင်လာမယ်လို့ ယူဆရပါတယ်။ သူတို့နှစ်ဦးဟာ နောက်ခံလူသစ် သီယာဂိုဆေးလ်ဗားနဲ့အတူ ဘရိုက်တန်နဲ့ပွဲကို လွဲချော်ခဲ့သူတွေ ဖြစ်ပါတယ်။
1 year Ago