အော်စကာဆုပေးပွဲမှာ မျက်နှာကိုရိုက်ခံလိုက်ရအပြီး တနှစ်အကြာမှာပဲ တကမ္ဘာလုံးကို တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ အထူးဟာသရှိုးတခုမှာ ခရစ္စရော့ခ်က ဝီလ်စမစ်နဲ့ သူ့ရဲ့ဇနီးဖြစ်သူတို့ကို နောက်တကြိမ် ပြက်လုံးထုတ်ခဲ့ပါတယ်။
မတ် ၄ ရက်ညမှာ နက်ဖလစ်က ထုတ်လွှင့်ခဲ့တဲ့ အစီအစဉ်တခုအတွင်း ရော့ခ်က ဝီလ်စမစ်ရဲ့ နောက်ဆုံးထွက်တဲ့ဇာတ်ကားထဲမှာ သူရိုက်နှက်ခံနေရတာကို ကြည့်ရတာ သဘောကျတယ်လို့ နောက်ပြောင် ပြောဆိုခဲ့တာပါ။
အမေရိကန်နိုင်ငံ ဘော်လ်တီမောမြို့က ဟစ်ပိုဒရုန်းမ် ကဇာတ်ရုံကနေ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း “Emancipation” အမည်ရ ကျွန်ပြုဇာတ်ကားထဲမှာ ဝီလ်စမစ် ရိုက်နှက်ခံရလို့ အော်ဟစ်နေတာကို ရော့ခ်က ကြည့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၂ ခုနှစ် မတ်လမှာ ဝီလ်စမစ် ဇနီးဖြစ်သူ ဂျေဒါ ပင့်ကက်စမစ်ရဲ့ ရုပ်ပိုင်းအသွင်အပြင် အပေါ် ပြက်လုံးထုတ်ခဲ့တဲ့ ခရစ္စရော့ခ်ကို စမစ်က အော်စကာဆုပေးပွဲ စင်ပေါ်အထိတက်ကာ ပါးရိုက်ခဲ့တာပါ။ အဲ့ဒီဆုပေးပွဲမှာပဲ “King Richard” ဇာတ်ကားနဲ့အတူ ဝီလ်စမစ်က အကောင်းဆုံးဇာတ်ဆောင်ဆု ရရှိခဲ့ပါတယ်။
ဒီ အထူးရှိုးမတိုင်ခင်အထိ အော်စကာဖြစ်ရပ်အပေါ် ရော့ခ်က နှုတ်ဆိတ်နေခဲ့သလို သူ့ရဲ့ရှိုးကိုလည်း ဝီလ်စမစ်အပေါ် စွပ်စွဲခဲ့တဲ့အတိုင်း “တမင်ရွေးချယ် ဒေါသထွက်ခြင်း” လို့ နာမည်ပေးထားပါတယ်။
၂၀၁၆ ခုနှစ်မှာ အစီအစဉ်တင်ဆက်သူအဖြစ် ရော့ခ် ပါဝင်ခဲ့တဲ့ အော်စကာဆုပေးပွဲကို သပိတ်မှောက်ဖို့ ပင့်ကက်စမစ်ရဲ့ တောင်းဆိုမှု အပါအဝင် သူတို့ ၃ ဦးအကြား သဘောထား တင်းမာလာအောင် ဒီအမျိုးသမီးက လှုံ့ဆော်ခဲ့တာလို့လည်း ဟာသ သရုပ်ဆောင်က ပြောပါတယ်။
အဲဒီနှစ်က အော်စကာဆန်ကာတင်စာရင်းမှာ ဝီလ်စမစ် အပြင် တခြားလူမဲသရုပ်ဆောင် တွေလည်း မပါလာတဲ့အတွက် ဒီအပေါ်မှာ ကန့်ကွက်ခဲ့တာလို့ ပင့်ကက်စမစ်က ဆိုပါတယ်။
စမစ်မိသားစုရဲ့ ကိုယ်စားလှယ်တွေကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ်မှာ ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
ဒီလို ပါးရိုက်မှုဖြစ်ရပ်အပြီး တရက်အကြာမှာပဲ ဝီလ်စမစ်က ရော့ခ်နဲ့ ဆုပေးပွဲကျင်းပရေး အဖွဲ့ကို တောင်းပန်စာ ထုတ်ပြန်ခဲ့ပေမဲ့ ၁၀ နှစ်တာ ပွဲတက်ရောက်ခွင့် ပိတ်ပင်ခံထားရပါတယ်။
၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ ၉၄ ကြိမ်မြောက် အော်စကာဆုပွဲပေးမှာ သရုပ်ဆောင် ဝီလ်စမစ်ဟာ အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်ကို စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တာကြောင့် အော်စကာဘုတ်အဖွဲ့က “ဘယ်လိုအကြမ်းဖက်မှုပုံစံကိုမဆို လျစ်လျူရှု ခွင့်လွှတ်လို့ မရပါဘူး” ဆိုပြီး ဝီလ်စမစ်ကို လူကိုယ်တိုင်ဖြစ်စေ၊ ဗီဒီယိုမှဖြစ်စေ အော်စကာဆုပေးပွဲကို တက်ရောက်ခွင့် ၁၀ နှစ် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
“ဒီအခိုက်အတန့်က လုံးဝလက်မခံနိုင်စရာပါ။ အရမ်းအန္တရာယ်များတဲ့ အပြုအမူတွေနဲ့ စမစ်ကို စင်ပေါ်မှာ တွေ့ခဲ့ရတာပါ” လို့ အနုပညာအသင်းက ထုတ်ပြန်ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာကျင်းပမယ့် ၉၅ ကြိမ်မြောက် အော်စကာပွဲမှာလည်း အလားတူဖြစ်ရပ်မျိုး မဖြစ်အောင်၊ ဖြစ်ပွားလာတဲ့အခါ အမြန်ဆုံးဖြေရှင်းနိုင်အောင် ပဋိပက္ခ စီမံခန့်ခွဲမယ့်အသင်းကို ဖွဲ့စည်းထားတယ်လို့ အော်စကာဆုဖြစ်မြောက်ကျင်းပရေးဆိုင်ရာ အမှုဆောင် ဘီလ် ခရာမာက ပြောပါတယ်။
ပဋိပက္ခစီမံခန့်ခွဲမယ့်အသင်းကို ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး ဖြေရှင်းနိုင်ဖို့ အသေးစိတ် ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး ဒီအသင်းကို ဘယ်တော့မှ မသုံးရဖို့ မျှော်လင့်ပါတယ်လို့ ဘီလ်က ဆိုပါတယ်။
၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလစ်မြို့ “Dolby” ကဇာတ်ရုံမှာ မတ်လ ၁၂ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။