သရုပ်ဆောင် ဝီလ်စမစ် အော်စကာဆုပေးပွဲတက်ရောက်ခွင့် ၁၀ နှစ် ပိတ်ခံရ

၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ ၉၄ ကြိမ်မြောက် အော်စကာဆုပွဲပေးမှာ သရုပ်ဆောင် ဝီလ်စမစ်ဟာ အစီအစဉ်တင်ဆက်သူ ခရစ်ရော့ခ်ကို စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တာကြောင့် အော်စကာဘုတ်အဖွဲ့က “ဘယ်လိုအကြမ်းဖက်မှုပုံစံကိုမဆို လျစ်လျူရှု ခွင့်လွှတ်လို့ မရပါဘူး” ဆိုပြီး ဝီလ်စမစ်ကို လူကိုယ်တိုင်ဖြစ်စေ၊ ဗီဒီယိုမှဖြစ်စေ အော်စကာဆုပေးပွဲကို တက်ရောက်ခွင့် ၁၀ နှစ် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
“ဒီအခိုက်အတန့်က လုံးဝလက်မခံနိုင်စရာပါ။ အရမ်းအန္တရာယ်များတဲ့ အပြုအမူတွေနဲ့ စမစ်ကို စင်ပေါ်မှာ တွေ့ခဲ့ရတာပါ” လို့ အနုပညာအသင်းက ထုတ်ပြန်ပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာကျင်းပမယ့် ၉၅ ကြိမ်မြောက် အော်စကာပွဲမှာလည်း အလားတူဖြစ်ရပ်မျိုး မဖြစ်အောင်၊ ဖြစ်ပွားလာတဲ့အခါ အမြန်ဆုံးဖြေရှင်းနိုင်အောင် ပဋိပက္ခ စီမံခန့်ခွဲမယ့်အသင်းကို ဖွဲ့စည်းထားတယ်လို့ အော်စကာဆုဖြစ်မြောက်ကျင်းပရေးဆိုင်ရာ အမှုဆောင် ဘီလ် ခရာမာက ပြောပါတယ်။
ပဋိပက္ခစီမံခန့်ခွဲမယ့်အသင်းကို ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေပေါ်မူတည်ပြီး ဖြေရှင်းနိုင်ဖို့ အသေးစိတ် ဖွဲ့စည်းတည်ဆောက်ထားတာဖြစ်ပြီး ဒီအသင်းကို ဘယ်တော့မှ မသုံးရဖို့ မျှော်လင့်ပါတယ်လို့ ဘီလ်က ဆိုပါတယ်။
၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလစ်မြို့ “Dolby” ကဇာတ်ရုံမှာ မတ်လ ၁၂ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။