စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာကို စစ်ကောင်စီတပ်တွေက ဧပြီ ၁၅ ရက် ညနေ ၅ နာရီလောက်မှာ ဝင်ရောက်လာပြီး ရွာလုံးကျွတ်မီးရှို့သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
အခုမီးရှို့ခံရတဲ့ ဝေလမူကျေးရွာမှာ ပြီးခဲ့တဲ့မတ်လ ၁ ရက်ကလည်း စစ်ကောင်စီက လေယာဉ် ၃ စီးနဲ့လာရောက် ပစ်ခတ်လို့ ရွာသားနှစ်ယောက်သေဆုံးသွားကာ CDM ဆရာမသုံးယောက်နဲ့ အရပ်သားအမျိုးသမီးတယောက်ကိုလည်း ဖမ်းဆီးသွားပါတယ်။
အဲဒီအဖမ်းခံရတဲ့ အမျိုးသမီး လေးယောက်ဟာ မိသားစုဝင်တွေနဲ့ ဒီနေ့ချိန်အထိတွေ့ခွင့်မရဘဲ အဆက်သွယ်ပြတ်နေလို့ မိသားစုဝင်တွေစိုးရိမ်နေကြပါတယ်။
ဒေသခံရွာသားတစ်ဦးက “မနေ့ကလည်း ကျနော်တို့ ရွာကို စစ်ကောင်စီတပ်တွေ လာမီးရှို့သွားတယ်။ ဘာကြောင့်မီးရှို့တာလဲ ဆိုတော့ အကြောင်းမဲ့သတ်သတ်ကို မီးရှိုတာ။ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ ရွာကို အခုလိုမီးရှို့ခံရတာနဲ့ဆိုရင် ၂ ကြိမ်ရှိပြီ။ ပထမအကြိမ်တုန်းက နေအိမ်သုံးလုံးနဲ့ အခုအကြိမ်ကတော့ ရွာလုံးကျွတ်ပဲ။ မနေ့ညနေ ၅ နာရီကနေ ဒီနေ့အထိ မီးက လောင်နေဆဲဗျ။ ဘယ်သူမှမငြှိမ်းသတ်ရဲဘူး။ အဝေးကနေကြည့်နေရတယ်”လို့ ပြောပါတယ်။
ဝေလမူကျေးရွာဟာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး မတ်လအတွင်းကတည်းက စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့်ဒေသခံရွာသားတွေဟာ ကျေးရွာအတွင်းမှာ မနေရဲကြတော့ဘဲ နီးစပ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေကြရပါတယ်။
အခုလို တစ်လကျော် စစ်ဘေးရှောင်နေရတာကြောင့် အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးပရဟိတသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဓာတ်ပုံ - ကျွန်းလှမြို့နယ်စစ်ဘေးရှောင်ပုံဟောင်း
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ဝေလမူကျေးရွာကို စစ်ကောင်စီတပ်က မတ် ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဝေလမူကျေးရွာကို Mi 35 ရဟတ်ယာဉ် နှစ်စီးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က ရွာကို လေယာဉ်နှစ်စီးသုံးပြီး တိုက်ခိုက်ခဲ့တယ်။ အဲဒီလိုပစ်ခတ်ပြီးတော့ စစ်သားတွေ မြေပြင်ကို ချတယ်ဗျ။ ရွာသားတွေကတော့ ပြေးသူက ပြေးပေါ့။ ပိတ်မိသူတွေလည်း ရှိနေသေးတယ်ဗျ။ အကျအဆုံး အထိအခိုက်ကတော့ ဘာမှပြောမရသေးဘူး။ သူတို့က အခုရွာထဲမှာပဲ ရှိသေးတာဆိုတော့ ဘာမှ ပြောမရသေးဘူး။ ဘာကြောင့် ကျနော်တို့ ရွာကို တိုက်ခိုက်တာလဲဆိုတော့ ဒီ(-)တွေက လူစိတ်မရှိတော့ဘူး။ ဒလန်သတင်းအမှားပေးလည်း အခုလို လာပစ်တာပဲ။ အမှား အမှန် မခွဲခြားတော့ဘူး။”
အခုလို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံရွာသားတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ လေယာဉ်ပစ် လက်နက်ရရှိနိုင်ဖို့ အလှူရှင်တွေအနေနဲ့ ဖြစ်ဖြစ်၊ NUG အစိုးရကပဲ ဖြစ်ဖြစ် အမြန်ဆုံးချထားပေးနိုင်ပါက အကောင်းဆုံးဖြစ်မယ်လို့ စစ်ကိုင်းတိုင်းပြည်သူကာကွယ်ရေးအဖွဲ့တွေက ပြောဆိုနေကြပါတယ်။