ကျွန်းလှမြို့နယ်၊ ဝေလမူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် ဝေလမူကျေးရွာကို စစ်ကောင်စီတပ်က မတ် ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက် လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ဝေလမူကျေးရွာကို Mi 35 ရဟတ်ယာဉ် နှစ်စီးသုံးပြီး တိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က ရွာကို လေယာဉ်နှစ်စီးသုံးပြီး တိုက်ခိုက်ခဲ့တယ်။ အဲဒီလိုပစ်ခတ်ပြီးတော့ စစ်သားတွေ မြေပြင်ကို ချတယ်ဗျ။ ရွာသားတွေကတော့ ပြေးသူက ပြေးပေါ့။ ပိတ်မိသူတွေလည်း ရှိနေသေးတယ်ဗျ။ အကျအဆုံး အထိအခိုက်ကတော့ ဘာမှပြောမရသေးဘူး။ သူတို့က အခုရွာထဲမှာပဲ ရှိသေးတာဆိုတော့ ဘာမှ ပြောမရသေးဘူး။ ဘာကြောင့် ကျနော်တို့ ရွာကို တိုက်ခိုက်တာလဲဆိုတော့ ဒီ(-)တွေက လူစိတ်မရှိတော့ဘူး။ ဒလန်သတင်းအမှားပေးလည်း အခုလို လာပစ်တာပဲ။ အမှား အမှန် မခွဲခြားတော့ဘူး။”
အခုလို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံရွာသားတွေ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေကြရပါတယ်။
ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကတော့ လေယာဉ်ပစ် လက်နက်ရရှိနိုင်ဖို့ အလှူရှင်တွေအနေနဲ့ ဖြစ်ဖြစ်၊ NUG အစိုးရကပဲ ဖြစ်ဖြစ် အမြန်ဆုံးချထားပေးနိုင်ပါက အကောင်းဆုံးဖြစ်မယ်လို့ စစ်ကိုင်းတိုင်းပြည်သူကာကွယ်ရေးအဖွဲ့တွေက ပြောဆိုနေကြပါတယ်။