စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းတကျောင်း ထပ်မံဖွင့်လှစ်ဖို့ အလှူရှင်တွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ဘေး၊ မီးဘေး၊ ပညာရေး စတာတွေကို ထောက်ပံ့ကူညီပေးနေတဲ့ S&C ပရဟိတအဖွဲ့က ပြောပါတယ်။
အခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ စစ်ကိုင်းတိုင်းအတွင်းက မီးဘေးသင့်၊ စစ်ဘေးသင့် ကျေးရွာတွေက ၂ နှစ်နီးပါး စာသင်ကြားခွင့်မရတဲ့ ကလေးငယ်တွေကို လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ ကျောင်းအတွက် အသုံးအဆောင်ပစ္စည်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ၁ လကို ၅၀,၀၀၀ ကျပ်နှုန်းစီ ထောက်ပံ့ကာ စာသင်ကျောင်း ၅ ကျောင်း ဖွင့်လှစ်ပေးခဲ့ပါတယ်။
S&C မှ တာဝန်ရှိသူက “ကျနော်တို့က တကျောင်းပြီးတကျောင်း ဖွင့်နိုင်ဖို့ နေ့မအိပ် ညမအိပ် ကြိုးစားရတာ။ ကျနော် တရက်မှ ၂ နာရီပဲ အိပ်ရတယ်။ ခု နောက်ဆုံး ၆ ကျောင်းမြောက် ဘာဆက်လုပ်ရမယ် မသိဘူး။ လက်ထဲ ငွေမရှိတော့ဘူး။ ကျောင်းတကျောင်းဖွင့်ဖို့ လုံခြုံရေးတွေကအစ မလွယ်ဘူးလေ။ ပြည်သူတွေကိုလည်း အားနာနေပြီ ပြောရတာ။ ဘယ်သူမှ အဆင်ပြေလို့ လှူနေတာမဟုတ်ဘူး၊ အာဏာရှင်ကိုမကြိုက်လို့ လှူနေကြတာ။ ကျနော် ပြည်သူတွေကို အားနာမိတယ်။ လွှတ်ချပစ်လိုက်ရင်လည်း ငါ့နောက်မှာ မှီခိုနေတာတွေက ယုံကြည်နေကြတာတွေ ကျနော်က ရိုက်ချိုးပစ်လိုက်သလို ဖြစ်ကုန်မှာ စိုးရိမ်တယ်”လို့ ပြောပါတယ်။
ကျောင်းသားမိဘတဦးက “ကိုယ့်သားသမီးတွေ ကျောင်းထားစရာဆိုတာ မရှိတော့ဘူးဆိုပြီးဘဲ သိနေတာ။ ခုလို ကျောင်းအတွက် လိုအပ်တာတွေ ထောက်ပံ့ပေးပြီး ကလေးတွေ ကျောင်းတက်ရဖို့ ကူညီပေးတော့ အရမ်းပျော်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကလေးတွေအတွက် အရမ်းအဆင်ပြေသွားတယ်” လို့ ပြောပါတယ်။
S&C က စစ်ကိုင်းတိုင်းမှာ ဇန်နဝါရီလအတွင်း စာသင်ကျောင်း ၆ ကျောင်း ဖွင့်ပေးမယ်လို့ စီစဉ်ထားရာမှာ စာသင်ကျောင်း ၅ ကျောင်းသာ ဖွင့်ထားပေးနိုင်ပြီး ကျောင်းတကျောင်းအတွက် လိုအပ်နေတဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ၅၀၀၊ ၁,၀၀၀ ကစလို့ မိမိတတ်နိုင်သလောက် ကလေးတွေရဲ့ ပညာရေးအတွက် ပါဝင်ထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ကြားကာလပညာရေး သင်ယူနေကြတဲ့ အခြေခံပညာ ကျောင်းသားကျောင်းသူ ၁၁,၀၀၀ ကျော်ရှိနေပြီး စာသင်ခန်းတွင်း သင်ထောက်ကူပစ္စည်း လိုအပ်ချက်တွေ ရှိနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး - သတင်း၊ ပြန်ကြားရေးနှင့် မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ အချိန် ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ဆန္ဒပြပွဲတွေနဲ့အတူ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး အဲဒီထဲမှာ ချင်းပြည်နယ်က စစ်အာဏာရှင်ကို အမြစ်ဖြိုဖို့ တူမီးနဲ့ စတင်တော်လှန်ခဲ့တဲ့ ဒေသတခု ဖြစ်ပါတယ်။
လတ်တလောမှာတော့ ကိုဗစ်-၁၉ ကပ်ဘေး၊ စစ်အာဏာသိမ်းမှု အကျိုးဆက်အနေနဲ့ အချိန် ၂ နှစ်ကျော်ကြာ ပညာသင်ကြားခွင့် ဆုံးရှုံးခဲ့ရတဲ့ KG တန်းကနေ Grade 9 အထိ အခြေခံပညာ ကျောင်းသားကျောင်းသူတွေအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး စေတနာ့ဝန်ထမ်းနဲ့ CDM ဆရာ ဆရာမ ၁,၃၁၅ ယောက်က တာဝန်ယူ သင်ကြားပေးနေတယ်လို့ ဆိုပါတယ်။
ဒီလိုသင်ကြားရာမှာတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ ပညာသင်ကာလတခုအတွက် သင်ထောက်ကူပစ္စည်းတွေ လှူဒါန်းမယ်ဆိုရင် တယောက်ကို ငွေကျပ် ၁၅,၀၀၀ လောက် ကျသင့်နိုင်ပြီး ဆရာ ဆရာမတွေဟာလည်း ငွေကြေးထောက်ပံ့မှု အလုံအလောက် မရရှိဘဲ မိဘတွေက ကျခံပံ့ပိုးပေးမှုနဲ့ တလကို ကျပ် ၃ သောင်းလောက်သာ ရရှိနေတာကြောင့် ကြားကာလပညာရေး ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။