close

စစ်ရှောင်ကလေးများအတွက် စာသင်ကျောင်းထပ်ဖွင့်ရန် သင်ထောက်ကူပစ္စည်းများ လိုအပ်နေ

စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းတကျောင်း ထပ်မံဖွင့်လှစ်ဖို့ အလှူရှင်တွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ဘေး၊ မီးဘေး၊ ပညာရေး စတာတွေကို ထောက်ပံ့ကူညီပေးနေတဲ့ S&C ပရဟိတအဖွဲ့က ပြောပါတယ်။

အခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ စစ်ကိုင်းတိုင်းအတွင်းက မီးဘေးသင့်၊ စစ်ဘေးသင့် ကျေးရွာတွေက ၂ နှစ်နီးပါး စာသင်ကြားခွင့်မရတဲ့ ကလေးငယ်တွေကို လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ ကျောင်းအတွက် အသုံးအဆောင်ပစ္စည်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ၁ လကို ၅၀,၀၀၀ ကျပ်နှုန်းစီ ထောက်ပံ့ကာ စာသင်ကျောင်း ၅ ကျောင်း ဖွင့်လှစ်ပေးခဲ့ပါတယ်။

S&C မှ တာဝန်ရှိသူက “ကျနော်တို့က တကျောင်းပြီးတကျောင်း ဖွင့်နိုင်ဖို့ နေ့မအိပ် ညမအိပ် ကြိုးစားရတာ။ ကျနော် တရက်မှ ၂ နာရီပဲ အိပ်ရတယ်။ ခု နောက်ဆုံး ၆ ကျောင်း​မြောက် ဘာဆက်လုပ်ရမယ် မသိဘူး။ လက်ထဲ ငွေမရှိတော့ဘူး။ ကျောင်းတကျောင်းဖွင့်ဖို့ လုံခြုံရေးတွေကအစ မလွယ်ဘူးလေ။ ပြည်သူတွေကိုလည်း အားနာနေပြီ ပြောရတာ။ ဘယ်သူမှ အဆင်ပြေလို့ လှူနေတာမဟုတ်ဘူး၊ အာဏာရှင်ကိုမကြိုက်လို့ လှူနေကြတာ။ ကျနော် ပြည်သူတွေကို အားနာမိတယ်။ လွှတ်ချပစ်လိုက်ရင်လည်း ငါ့နောက်မှာ မှီခိုနေတာတွေက ယုံကြည်နေကြတာတွေ ကျနော်က ရိုက်ချိုးပစ်လိုက်သလို ဖြစ်ကုန်မှာ စိုးရိမ်တယ်”လို့ ပြောပါတယ်။

ကျောင်းသားမိဘတဦးက “ကိုယ့်သားသမီးတွေ ကျောင်းထားစရာဆိုတာ မရှိတော့ဘူးဆိုပြီးဘဲ သိနေတာ။ ခုလို ကျောင်းအတွက် လိုအပ်တာတွေ ထောက်ပံ့ပေးပြီး ကလေးတွေ ကျောင်းတက်ရဖို့ ကူညီပေးတော့ အရမ်းပျော်ပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကလေးတွေအတွက် အရမ်းအဆင်ပြေသွားတယ်” လို့ ပြောပါတယ်။

S&C က စစ်ကိုင်းတိုင်းမှာ ဇန်နဝါရီလအတွင်း စာသင်ကျောင်း ၆ ကျောင်း ဖွင့်ပေးမယ်လို့ စီစဉ်ထားရာမှာ စာသင်ကျောင်း ၅ ကျောင်းသာ ဖွင့်ထားပေးနိုင်ပြီး ကျောင်းတကျောင်းအတွက် လိုအပ်နေတဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ၅၀၀၊ ၁,၀၀၀ ကစလို့ မိမိတတ်နိုင်သလောက် ကလေးတွေရဲ့ ပညာရေးအတွက် ပါဝင်ထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up