close

သင်းအုပ်ဆရာ

close

February 5, 2022

ဖားကန့်လေကြောင်းတိုက်ခိုက်မှုတွင် အသက် ၈၀ အရွယ် သင်းအုပ်ဆရာ ၁ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားအနီး ကပ်မှော်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရစ်ယာန် သင်းအုပ်ဆရာ  ၁ ယောက်  သေဆုံးပြီး၊ အရပ်သားပြည်သူ  ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။ 

''ကပ်မှော်က နန့်ယားနဲ့ ကပ်ရက်ပဲ။ မနေ့ကတည်းက စစ်တပ်က ဂျက်လေယာဉ်နဲ့ရော ရဟတ်ယာဉ်နဲ့ရော ဒီနေ့အထိ လာလာ ပစ်နေတာ။ ကပ်မှော်မှာ နေအိမ် ၂ လုံး ပျက်စီးသွားတယ်။ အသက် ၈၀ အရွယ် သင်းအုပ်ဆရာ မဂျီဘရန်နန် သေဆုံးခဲ့ပြီး သူ့ရဲ့ ဇနီးအပါအဝင် ကျန် ၂ ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ အဲ့ထဲက ၂ ယောက်က ထိခိုက်တာ ပြင်းထန်လို့ မြစ်ကြီးနားကို ဆေးကုဖို့ ဆင်းသွားပြီ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဖားကန့်မြို့နယ်၊ နန့်ယားအနီး မာနော့မှော်ကျေးရွာမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီ ၄ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်အသုံးပြုပြီး ၆ ကြိမ်ထက် မနည်းလာရောက် ပစ်ခတ်ခဲ့တယ်လို့  ဆိုပါတယ်။ နန့်ယားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေလည်း လက်နက်ကြီးနဲ့ ၇၀ ကြိမ်ထက်မနည်း ပစ်ခဲ့တယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်တွေမှာ ဖားကန့်မြို့နယ် နန့်ယားတောင်ပိုင်း ကပ်မှော်ကျေးရွာအုပ်စု မာနော့မှော်မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေနဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ 

ဖေ​ဖော်ဝါရီ ၅ ရက်မှာလည်း နန့်ယားကပ်မှော်အနီးမှာ စစ်ကောင်စီတပ် ခလရ (၁၁၁)နဲ့ ကေအိုင်အေတပ်ရင်း (၄၄) တို့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးမှု များတယ်လို့ သိရပါတယ်။ 

"ဒီနေ့က မနက် ၈ နာရီမှာ တစ်ကြိမ်၊ နေလယ် ၁ နာရီက တစ်ကြိမ်၊ ညနေ ၃ နာရီကျော် တစ်ကြိမ် သုံးကြိမ် တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ယောက်ကျတယ် ကြားတယ်။ နေ့လယ်လောက်က လေယာဉ်နဲ့ လာပစ်ပြီးတော့ အလောင်းလာကောက်သွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဘက် အကျအဆုံးနဲ့ ပတ်သတ်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပါဘူး။ 

နန့်ယားကပ်မှောကျေးရွာမှာ စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင်း ကပ်မှော် ခမ်စိုင်ယာယယာန် ဆိုင်းဖရာ ဂေါ့လူယာန်က ရွာသားအားလုံး တိမ်းရှောင်နေရပြီး ညနေ ၆ နာရီအထိ စစ်ကောင်စီလေယာဉ်တွေ ပျံသန်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက သိရပါတယ်။

19 mins Ago

September 19, 2021

သင်းအုပ်ဆရာကို စစ်တပ်က ပစ်သတ်၊ လက်ချောင်းဖြတ် လက်စွပ်ယူသွားသည့်အပေါ် အပြင်းအထန် ရှုတ်ချ

ခရစ်ယာန် သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်းကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး သူ့ရဲ့ နာရီ၊ ဖုန်းနဲ့ မင်္ဂလာရွှေလက်စွပ်ကိုလည်း လက်ချောင်းဖြတ် လုယူသွားတဲ့အပေါ်  အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က စက်တင်ဘာ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၈ ရက်က ချင်းပြည်နယ် ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေက လက်နက်အလွန်အကျွံအသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ပြည်သူတွေရဲ့ နေအိမ် တွေ မီးလောင်ခဲ့တာဖြစ်ပြီး  မီးငြှိမ်းသတ်ဖို့ ပြင်ဆင်နေတဲ့ နှစ်ခြင်းခရစ်ယာန်လူငယ်တွေကို စစ်တပ်က ပစ်ခတ်ခဲ့လို့  ထန်တလန်ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းဝင် သင်းအုပ်ဆရာ ကျုံးဗျက်ဟုမ်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ခရစ်ယာန်ဘုရားကျောင်းတွေမှာ တပ်စွဲထားတာ၊ ဘုရားကျောင်းတွေထဲမှာ အရက်သေစာသောက်စားတာ၊ သမ္မာကျမ်းစာတွေနဲ့ ဓမ္မသီချင်းစာအုပ်တွေကို ဖျက်ဆီးတာ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဘုရားရှိခိုးကျောင်း အဆောက်အဦတွေကိုပစ်ခတ်ဖျက်ဆီးတာ၊ မြို့တွေ ရွာတွေမှာရှိတဲ့ လူနေအိမ်တွေကို မီးလောင်ကျွမ်းတာစတဲ့ ရိုင်းစိုင်းတဲ့ အပြုအမှုတွေလုပ်ဆောင်ကာ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားကို စော်ကားနေတယ်လို့လည်း ဆိုပါတယ်။ 

မြန်မာစစ်တပ်ရဲ့ ပြုမူလုပ်ဆောင်မှုတွေဟာ လက်ရှိပြည်တွင်းနိုင်ငံရေး ပဋိပက္ခတွေထက်ပင် ပိုမိုရှုပ်ထွေးကြီးမားတဲ့ ဘာသာရေးနဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ ပြည်တွင်းပဋိပက္ခဖြစ်ပေါ်စေနိုင်တဲ့ အတွက် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်းလည်း ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က  ထုတ်ပြန်ထားပါတယ်။

ထန်တလန်မြို့မှာ မနေ့ညက စစ်ကောင်စီတပ်တွေက လက်နက်ကြီးနယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့ပေါ်က နေအိမ် ၁၉ လုံးလောက် မီးလောင်သွားတယ်လို့ ချင်းသတင်းဌာနတွေက အတည်ပြုပါတယ်။ 

ချင်းပြည်နယ်၊ ဟားခါးမြို့မှာလည်း စက်တင်ဘာ ၁၈ ရက်နေ့ညဦးပိုင်းက မြို့ပေါ်ရပ်ကွက်တစ်မှာ  ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေ ထွက်ပေါ်လာကာ နေအိမ်တလုံး မီးလောင်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့် အရွယ်မရောက်သေးသူတွေအပါအဝင် အနည်းဆုံး သုံးဦး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ဒေသခံ သတင်းမီဒီယာတခုက ဖော်ပြထားပါတယ်။

PHOTO- CRDIT

5 months Ago
Up