close

ဖားကန့်လေကြောင်းတိုက်ခိုက်မှုတွင် အသက် ၈၀ အရွယ် သင်းအုပ်ဆရာ ၁ ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်ယားအနီး ကပ်မှော်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရစ်ယာန် သင်းအုပ်ဆရာ  ၁ ယောက်  သေဆုံးပြီး၊ အရပ်သားပြည်သူ  ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။ 

''ကပ်မှော်က နန့်ယားနဲ့ ကပ်ရက်ပဲ။ မနေ့ကတည်းက စစ်တပ်က ဂျက်လေယာဉ်နဲ့ရော ရဟတ်ယာဉ်နဲ့ရော ဒီနေ့အထိ လာလာ ပစ်နေတာ။ ကပ်မှော်မှာ နေအိမ် ၂ လုံး ပျက်စီးသွားတယ်။ အသက် ၈၀ အရွယ် သင်းအုပ်ဆရာ မဂျီဘရန်နန် သေဆုံးခဲ့ပြီး သူ့ရဲ့ ဇနီးအပါအဝင် ကျန် ၂ ယောက်ကတော့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ အဲ့ထဲက ၂ ယောက်က ထိခိုက်တာ ပြင်းထန်လို့ မြစ်ကြီးနားကို ဆေးကုဖို့ ဆင်းသွားပြီ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဖားကန့်မြို့နယ်၊ နန့်ယားအနီး မာနော့မှော်ကျေးရွာမှာ ကေအိုင်အေနဲ့ စစ်ကောင်စီတပ်တွေ ဖေဖော်ဝါရီ ၄ ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ဂျက်လေယာဉ်နဲ့ ရဟတ်ယာဉ်အသုံးပြုပြီး ၆ ကြိမ်ထက် မနည်းလာရောက် ပစ်ခတ်ခဲ့တယ်လို့  ဆိုပါတယ်။ နန့်ယားမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကနေလည်း လက်နက်ကြီးနဲ့ ၇၀ ကြိမ်ထက်မနည်း ပစ်ခဲ့တယ်လို့ သိရပါတယ်။ 

ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက်တွေမှာ ဖားကန့်မြို့နယ် နန့်ယားတောင်ပိုင်း ကပ်မှော်ကျေးရွာအုပ်စု မာနော့မှော်မှာ စစ်ကောင်စီတပ်နဲ့ ကေအိုင်အေနဲ့ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့တာပါ။ 

ဖေ​ဖော်ဝါရီ ၅ ရက်မှာလည်း နန့်ယားကပ်မှော်အနီးမှာ စစ်ကောင်စီတပ် ခလရ (၁၁၁)နဲ့ ကေအိုင်အေတပ်ရင်း (၄၄) တို့ တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကျဆုံးမှု များတယ်လို့ သိရပါတယ်။ 

"ဒီနေ့က မနက် ၈ နာရီမှာ တစ်ကြိမ်၊ နေလယ် ၁ နာရီက တစ်ကြိမ်၊ ညနေ ၃ နာရီကျော် တစ်ကြိမ် သုံးကြိမ် တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်က တပ်ရင်းမှူးတစ်ယောက်ကျတယ် ကြားတယ်။ နေ့လယ်လောက်က လေယာဉ်နဲ့ လာပစ်ပြီးတော့ အလောင်းလာကောက်သွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

စစ်ကောင်စီတပ်ဘက် အကျအဆုံးနဲ့ ပတ်သတ်ပြီး ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်း မရှိ သေးပါဘူး။ 

နန့်ယားကပ်မှောကျေးရွာမှာ စစ်ကောင်စီတပ်တွေ လေကြောင်းနဲ့ ပစ်ခတ်ခဲ့တာကြောင်း ကပ်မှော် ခမ်စိုင်ယာယယာန် ဆိုင်းဖရာ ဂေါ့လူယာန်က ရွာသားအားလုံး တိမ်းရှောင်နေရပြီး ညနေ ၆ နာရီအထိ စစ်ကောင်စီလေယာဉ်တွေ ပျံသန်းနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up