close

သင်္ဃန်းညီနောင်

close

April 12, 2022

သင်္ဃန်းညီနောင်အနီး စစ်ကောင်စီကင်းစခန်းကို KNLA သိမ်းပိုက်၊ကော့ကရိတ်တွင် ရဲ ၂ ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့အနီး စစ်ကောင်စီတပ် ၃၅၅ စခန်းရဲ့ အရှေ့ထွက်ကင်းစခန်းတခုကို  ဧပြီ ၁၂ ရက် ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက် စီးနင်း သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ၃၅၅ စခန်းကို လုံခြုံရေးယူထားတဲ့ ရှေ့ထွက်ယာယီစခန်းမှာ စစ်ကောင်စီတပ်အင်အား ၂၀ လောက်လုံခြုံရေးယူထားစဉ် KNLA စစ်ကြောင်းမှ ဗိုလ်စောကော်ကေထူး ဦးဆောင်တဲ့ တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်လိုက်တာပါ။

တိုက်ပွဲမှာ လက်နက်ကြီး လက်နက်ကြီးတွေ စတင်ပစ်ခတ်ပြီး မိနစ်ပိုင်းအတွင်း ဝင်ရောက် KNLA က အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ပြီး  စစ်ကောင်စီတပ်ထံက  ၆၀ မမ တလက်၊  ၆၀ မမကျည် (၁၂)လုံး၊ MA1 တလက်နဲ့  MA1 ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၁၀၀ ၊ 9MM တလက်၊ စကားပြောစက်တလုံးနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ 

တိုက်ပွဲမှာ  စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိမရှိ မသိရေသေးပါဘူး။  KNLA စစ်ကြောင်းတပ်ဖွဲ့ကတော့  ထိခိုက်မှုမရှိဘဲ စခန်းကနေ ပြန်ထွက်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၂ ရက် ဒီနေ့မနက် ၁၁ နာရီ မိနစ် ၄၀ လောက်ကလည်း ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ဝါဆိုဦးဘုန်းတော်ကြီးကျောင်းလမ်းထောင့်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ဆိုင်ကယ်နဲ့ သွားရောက် သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ KNLA တာဝန်ရှိသူက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ ကေ့ကော်မြို့သစ်မှာလည်း  အခုရက်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့  KNLA ပူးပေါင်းအဖွဲ့တွေအကြား  တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေပါတယ်။ 

6 mins Ago

March 24, 2022

သင်္ဃန်းညီနောင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကျောင်းသူ ၁ ဦး အပါအဝင် ၃ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်မြို့၊ ထီးမှူးထပ်ကျေးရွာအတွင်း မတ် ၂၄ ရက်နေ့ မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး  ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ၁၂၀ မမ နဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ထီးမှူးထပ်ကျေးရွာအတွင်း ကျည်ကျရောက်ပေါက်ကွဲကာ ကျောင်းသူ ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာရရှိသွားတာလို့ ထီးမှူးထကျေးရွာသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၅ ရက် ည ၇ နာရီလောက်ကလည်း ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဘူးသိုမြို့နယ် ကလောဒေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီးအလုံးပေါင်း ၄၀၀ ကျော် ပစ်ခတ်ခဲ့သလို တပ်မဟာ  ၅ ဖာပွန်(မူတြော်)ခရိုင်အတွင်းကို လေကြောင်းကနေ လေယာဉ်နဲ့  ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၂၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တို့မှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက်  နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး အရပ်သားပြည်သူ ၁ သောင်းလောက် ကျေးရွာတွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မြဝတီခရိုင် ဝေါ်လေမြို့ မော်ခီးအပါအဝင် ကျေးရွာအချို့မှာ မတ် ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးလုပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

3 weeks Ago
Up