သင်္ဃန်းညီနောင်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကျောင်းသူ ၁ ဦး အပါအဝင် ၃ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်မြို့၊ ထီးမှူးထပ်ကျေးရွာအတွင်း မတ် ၂၄ ရက်နေ့ မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျောင်းသူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ၁၂၀ မမ နဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ထီးမှူးထပ်ကျေးရွာအတွင်း ကျည်ကျရောက်ပေါက်ကွဲကာ ကျောင်းသူ ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး ၂ ဦး ဒဏ်ရာရရှိသွားတာလို့ ထီးမှူးထကျေးရွာသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက် ည ၇ နာရီလောက်ကလည်း ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်)ခရိုင်၊ ဘူးသိုမြို့နယ် ကလောဒေးကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းလည်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအတွင်းကို လက်နက်ကြီးအလုံးပေါင်း ၄၀၀ ကျော် ပစ်ခတ်ခဲ့သလို တပ်မဟာ ၅ ဖာပွန်(မူတြော်)ခရိုင်အတွင်းကို လေကြောင်းကနေ လေယာဉ်နဲ့ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၂၆ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ်အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ နေ့စဉ်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ကေအန်ယူ ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ မြိတ်/ထားဝယ်ခရိုင်၊ မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တို့မှာ စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး အရပ်သားပြည်သူ ၁ သောင်းလောက် ကျေးရွာတွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
မြဝတီခရိုင် ဝေါ်လေမြို့ မော်ခီးအပါအဝင် ကျေးရွာအချို့မှာ မတ် ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ နယ်မြေရှင်းလင်းရေးလုပ်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ သိရပါတယ်။