တရုတ်နိုင်ငံရဲ့ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်လာတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကနေ တင်သွင်းလာတဲ့ သစ်သီးတွေဟာ တရုတ်စျေးကွက်မှာ သိသိသာသာ လူကြိုက်များလာနေပြီး ကျန်ခဲ့တဲ့ နှစ်တွေအတွင်း အာဆီယံသွင်းကုန် သစ်သီးတွေရဲ့ တန်ဖိုးဟာလည်း ဆယ်ဆလောက် တိုးတက်လာနေပါတယ်။
တရုတ်မြို့တော် ပေကျင်းအခြေစိုက် ထိုက်ဟော့ သစ်သီးကုမ္ပဏီဟာ နှစ်စဉ် နိုင်ငံပေါင်း ၃၀ ကျော်က တင်သွင်းတဲ့ သစ်သီး အမျိုးအစား ၆၀ ကျော်ကို ရောင်းချ ပါတယ်။
သူ တင်သွင်းနေတဲ့ သစ်သီးတွေ အားလုံးထဲမှာ အာဆီယံနိုင်ငံတွေကနေ တင်သွင်းတဲ့ သစ်သီးတွေ က အရောင်းစာရင်းမှာ ထိပ်ဆုံးဝေစုကို ရနေတာပါ။
“မနှစ်က ဒူးရင်းသီး တန်ချိန် ၆၀၀၀ ရောင်းရတယ်။ စျေးကွက် ဝယ်လိုအားကို ပြည့်မီဖို့ ကျန်ခဲ့တဲ့ ၉ နှစ်လုံး ထိုင်းနိုင်ငံက ဒူးရင်းခြံရှင်တွေနဲ့ ကန်ထရိုက် စာချုပ် ချုပ်ထားရတယ်”လို့ ကုမ္ပဏီ မန်နေဂျာ ရွှီဖှုရုံက ပြောပါတယ်။
၂၀၀၄ ခုနှစ် စာရင်းအင်းတွေအရ တရုတ်ဟာ အာဆီယံနိုင်ငံတွေဆီက အမေရိကန် ဒေါ်လာ သန်း ၃၀၀ ဖိုး သစ်သီးတွေကို တင်သွင်းခဲ့တာပါ။
၂၀၂၁ ခုနှစ်မှာတော့ တရုတ်ဟာ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၂ ဘီလီယံ တန်ဖိုး သစ်သီးတွေနဲ့ အခွံမာသီးတွေကို တင်သွင်းခဲ့ပြီး ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက သစ်သီးတွေက ၆၀ ရာခိုင်နှုန်း ကျော်ဖိုး နေရာယူခဲ့တယ်လို့ တရုတ် အကောက်ခွန် အထွေထွေစီမံရေးဌာနကသိရပါတယ်။
အာဆီယံနိုင်ငံတွေထဲကမှ ထိုင်းနိုင်ငံက ဒူးရင်း၊ ငှက်ပျောနဲ့ မင်းဂွတ်သီးတွေဟာ တရုတ်နိုင်ငံမှာ စျေးအကောင်းဆုံး ရောင်းရတဲ့ အသီးတွေ ဖြစ်နေပါတယ်။
ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံရေး (RCEP) ဟာ အခုနှစ်အစပိုင်းမှာ စတင်အသက်ဝင်လာလို့ သစ်သီးဝလံ ကုန်သွယ်မှုကို ပိုလွယ်ကူချောမွေ့စေခဲ့တာပါ။
လက်ရှိမှာ အာဆီယံ ၁၀ နိုင်ငံထဲက ၉ နိုင်ငံရဲ့ သစ်သီး အမျိုးအစား ၆၆ မျိုးကို တရုတ်နိုင်ငံဆီ တင်ပို့ဖို့ ထောက်ခံချက် ရထားပါတယ်။
စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့မှာ ကျင်းပတဲ့ ၁၉ ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲမှာ သစ်သီးကုန်သွယ်မှုဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
နိုင်ငံခြားတင်ပို့သူ အများအပြားကလည်း တရုတ်ဈေးကွက်ရဲ့ ဝေစုတွေကို ရယူဖို့ ကြိုးပမ်းခဲ့ကြပါတယ်။
တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေး မူဝါဒအပြောင်းအလဲတွေကြောင့် ပို့ကုန်တွေ တင်ပို့ရာမှာ အခက်အခဲတွေ ရှိလာနိုင်မှာဖြစ်လို့ တရုတ်ကို တင်ပို့နေကျ အသီးအနှံ စိုက်ပျိုးရာမှာ ပြည်တွင်းစျေးကွက်ကိုသာအားထားပြီး ချင့်ချိန်စိုက် ပျိုးသင့်တယ်လို့ မူဆယ်သစ်သီးပွဲရုံ ကုန်သည်ကြီးတွေက အကြံပြုပါတယ်။
လာမယ့် စက်တင်ဘာလ ၁၅ ရက်မှာ ပြန်ဖွင့်မယ့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ထပ်မံပြောင်းလဲထားတာပါ။
ဒီမူဝါဒအပြောင်းအလဲအရ သစ်သီးဝလံပို့ကုန်တွေတင်ပို့ရာမှာ သယ်ယူစရိတ်ပိုကုန်ကျနိုင်သလို အချိန် ကြန့်ကြာတာနဲ့ ကားပြောင်းရတာတွေများတာကြောင့် အသီးအရည်အသွေးကျဆင်းပြီး အလေ့အလွင့်ဖြစ်ကာ တောင်သူတွေ ဆုံးရှုံးနစ်နာနိုင်တယ်လို့ မူဆယ်သစ်သီးပွဲရုံ ကုန်သည်တစ်ဦးက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါနယ်စပ်ဖြတ်ကျော်ကူးစက်မှုကိုကာကွယ်ဖို့ဆိုပြီး တရုတ်နိုင်ငံဘက်က နယ်စပ် ဂိတ်တွေအားလုံးကို ပိတ်ထားခဲ့ရာက ကျင်ဆန်းကျော့-ပန်ဆိုင်းဂိတ်ကို စဖွင့်ခွင့်ပြုမယ်လို့သိရပါတယ်။
ဒါပေမဲ့ တရုတ်နိုင်ငံဘက်ကို မြန်မာကုန်ကားတွေ ဝင်ရောက်ခွင့်မပြုတော့ဘဲ တရုတ်ကားတွေကိုသာ အဝင်အထွက်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေကန့်သတ်ချက်တွေကို တရုတ်နိုင်ငံဘက်က ပြုလုပ်ထားပါတယ်။
ဒီအခြေအနေတွေကြောင့် ဖရဲသခွါးစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချသင့်၊ မသင့်သေချာသုံးသပ် ဆောင်ရွက်သင့်တယ်လို့ မူဆယ်သစ်သီးပွဲရုံ ကုန်သည်ကြီးတွေကအကြံပြုထားတာပါ။
မြန်မာနိုင်ငံမှာ ဖရဲကို နှစ်ကြိမ်စိုက်ပျိုးကာ မိုးဖရဲကို စက်တင်ဘာလကုန်ပိုင်းမှစတင်ပြီး တရုတ်နိုင်ငံသို့ တင်ပို့သလို ဆောင်းဖရဲကိုတော့ ဒီဇင်ဘာလမှ စတင်တင်ပို့လေ့ရှိပါတယ်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ကိုဗစ်မတိုင်ခင်ကတည်းက ကုန်သွယ်ရေးမညီမျှမှုတွေနဲ့ လည်ပတ်နေတာဖြစ်ပြီး တရုတ်နိုင်ငံက နယ်စပ်တံခါးပေါက်ကြီးကို တဖက်သတ်အဖွင့် အပိတ်လုပ်နေသလို ဖြစ်နေတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်ကြီး တစ်ဦးကသုံးသပ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်--၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၂၀ ပြည့်နှစ်ကစပြီး တရုတ်နိုင်ငံဘက်က နယ်စပ် ကုန်သွယ်ရေးကို တဖြည်းဖြည်းတင်းကျပ်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့် ပိတ်ကာ၊ ကုန်နဲ့ မော်တော်ယာဉ်တွေကို ယာဉ်မောင်းအစားထိုး (ရှန်တိန်)စနစ်နဲ့ ဝင်ခွင့်ပြုတာအပြင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ တင်းကျပ်စွာဆောင်ရွက်လာခဲ့ ပါတယ်။
ဒါကြောင့် အချိန်ကြန့်ကြာပြီး မြန်မာပို့ကုန်တွေဖြစ်တဲ့ သစ်သီး၊ ပုပ်သိုးလွယ်ကုန်စိမ်း၊ ရေ ထွက်ကုန်တွေဟာ ကုန်ထုတ်လမ်းကြောင်းပိတ်ဆို့ပြီး တောင်သူနဲ့လုပ်ငန်းရှင်တွေ ဆုံးရှုံးထိခိုက် နစ်နာခဲ့ရပါတယ်။