close

တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မည့် မြန်မာတောင်သူများ ချင့်ချိန်စိုက်ပျိုးကြရန် အကြံပြု

တရုတ်ရဲ့ နယ်စပ်ကုန်သွယ်ရေး မူဝါဒအပြောင်းအလဲတွေကြောင့် ပို့ကုန်တွေ တင်ပို့ရာမှာ အခက်အခဲတွေ ရှိလာနိုင်မှာဖြစ်လို့  တရုတ်ကို တင်ပို့နေကျ အသီးအနှံ စိုက်ပျိုးရာမှာ ပြည်တွင်းစျေးကွက်ကိုသာအားထားပြီး ချင့်ချိန်စိုက် ပျိုးသင့်တယ်လို့   မူဆယ်သစ်သီးပွဲရုံ ကုန်သည်ကြီးတွေက အကြံပြုပါတယ်။

လာမယ့် စက်တင်ဘာလ ၁၅ ရက်မှာ ပြန်ဖွင့်မယ့်  မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ ကပ်ရောဂါ အကြောင်းပြချက်နဲ့ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ထပ်မံပြောင်းလဲထားတာပါ။

ဒီမူဝါဒအပြောင်းအလဲအရ သစ်သီးဝလံပို့ကုန်တွေတင်ပို့ရာမှာ သယ်ယူစရိတ်ပိုကုန်ကျနိုင်သလို အချိန် ကြန့်ကြာတာနဲ့ ကားပြောင်းရတာတွေများတာကြောင့် အသီးအရည်အသွေးကျဆင်းပြီး အလေ့အလွင့်ဖြစ်ကာ တောင်သူတွေ ဆုံးရှုံးနစ်နာနိုင်တယ်လို့ မူဆယ်သစ်သီးပွဲရုံ ကုန်သည်တစ်ဦးက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါနယ်စပ်ဖြတ်ကျော်ကူးစက်မှုကိုကာကွယ်ဖို့ဆိုပြီး တရုတ်နိုင်ငံဘက်က နယ်စပ် ဂိတ်တွေအားလုံးကို ပိတ်ထားခဲ့ရာက ကျင်ဆန်းကျော့-ပန်ဆိုင်းဂိတ်ကို စဖွင့်ခွင့်ပြုမယ်လို့သိရပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံဘက်ကို  မြန်မာကုန်ကားတွေ ဝင်ရောက်ခွင့်မပြုတော့ဘဲ တရုတ်ကားတွေကိုသာ အဝင်အထွက်ခွင့်ပြုမှာဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေကန့်သတ်ချက်တွေကို တရုတ်နိုင်ငံဘက်က ပြုလုပ်ထားပါတယ်။

ဒီအခြေအနေတွေကြောင့် ဖရဲသခွါးစိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ စိုက်ပျိုးထုတ်လုပ်မှုကို လျှော့ချသင့်၊ မသင့်သေချာသုံးသပ် ဆောင်ရွက်သင့်တယ်လို့ မူဆယ်သစ်သီးပွဲရုံ ကုန်သည်ကြီးတွေကအကြံပြုထားတာပါ။

မြန်မာနိုင်ငံမှာ ဖရဲကို နှစ်ကြိမ်စိုက်ပျိုးကာ မိုးဖရဲကို စက်တင်ဘာလကုန်ပိုင်းမှစတင်ပြီး တရုတ်နိုင်ငံသို့ တင်ပို့သလို   ဆောင်းဖရဲကိုတော့  ဒီဇင်ဘာလမှ စတင်တင်ပို့လေ့ရှိပါတယ်။ 

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ ကိုဗစ်မတိုင်ခင်ကတည်းက ကုန်သွယ်ရေးမညီမျှမှုတွေနဲ့ လည်ပတ်နေတာဖြစ်ပြီး တရုတ်နိုင်ငံက နယ်စပ်တံခါးပေါက်ကြီးကို တဖက်သတ်အဖွင့် အပိတ်လုပ်နေသလို ဖြစ်နေတယ်လို့ မူဆယ်အခြေစိုက် ကုန်သည်ကြီး တစ်ဦးကသုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်--၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ ၂၀၂၀ ပြည့်နှစ်ကစပြီး တရုတ်နိုင်ငံဘက်က နယ်စပ် ကုန်သွယ်ရေးကို တဖြည်းဖြည်းတင်းကျပ်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေကို ပြည်ဝင်ခွင့် ပိတ်ကာ၊ ကုန်နဲ့ မော်တော်ယာဉ်တွေကို ယာဉ်မောင်းအစားထိုး (ရှန်တိန်)စနစ်နဲ့ ဝင်ခွင့်ပြုတာအပြင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေ တင်းကျပ်စွာဆောင်ရွက်လာခဲ့ ပါတယ်။

ဒါကြောင့် အချိန်ကြန့်ကြာပြီး  မြန်မာပို့ကုန်တွေဖြစ်တဲ့ သစ်သီး၊ ပုပ်သိုးလွယ်ကုန်စိမ်း၊ ရေ ထွက်ကုန်တွေဟာ ကုန်ထုတ်လမ်းကြောင်းပိတ်ဆို့ပြီး တောင်သူနဲ့လုပ်ငန်းရှင်တွေ ဆုံးရှုံးထိခိုက် နစ်နာခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up