close

သတင်းထောက် ကိုမျိုးစံစိုး

close

December 28, 2021

ဖျာပုံမြို့ခံ သတင်းထောက်ဟောင်း ၁ ဦး အကြမ်းဖက်ဥပဒေဖြင့် တရားစွဲခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်က သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို စစ်ကောင်စီက အကြမ်းဖက် ဥပဒေ ပုဒ်မ ၅၀ (က)၊ ၅၂ (က) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲထားတယ်လို့ သူနဲ့ နီးစပ်တဲ့ မိတ်ဆွေတွေဆီက သိရပါတယ်။

နီးစပ်သူတဦးက  “သူ့ကို စဖမ်းတုန်းက သိမ်းသွားတဲ့ ဖုန်းထဲက အသံဖိုင်ကြောင့်လို့ထင်တယ်၊ ပုဒ်မ ၂ ခုနဲ့ စွဲထားတာခံရတယ်။ အားလုံးက အကြမ်းဖက် ဥပဒေပုဒ်မတွေ ဖြစ်နေတယ်၊ ခရိုင်တရားရုံးမှာ ၂ ပတ် ၁ ခါ ရုံးထုတ်စစ်ဆေးတယ်” လို့ ပြောပါတယ်။

သတင်းထောက် ကိုမျိုးစံစိုးကို သူနေထိုင်တဲ့အိမ်မှာ စစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးသွားပြီးနောက်ပိုင်း အကြမ်းဖက်ဥပဒေတွေနဲ့ အမှုဖွင့်ကာ ၂ ပတ် ၁ ကြိမ် ရုံးထုတ်စစ်ဆေးတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းအခြေစိုက်သတင်းသမားတဦးက “သတင်းထောက်တယောက်  ခုလို မဆိုင်တဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲဆိုတာဟာ မဖြစ်သင့် သလို ဒါဟာ လုပ်ချင်တိုင်း လုပ်လို့ရနေတယ်၊ တရားရေးကို အာဏာသိမ်းစစ်တပ်က ချုပ်ကိုင်ထားတယ်ဆိုတာ မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်” လို့  ပြောပါတယ်။

သတင်းထောက်ဟောင်း ကိုမျိုးစံစိုးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သတင်းတွေ မရေးတော့ဘဲ ကိုဗစ် ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ စေတနာဝန်ထမ်းအဖြစ် ကူညီပေးနေချိန် ခုလို ဖမ်းဆီးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

12 hours Ago

August 31, 2021

ဖျာပုံမြို့ခံ သတင်းထောက်ဟောင်း ကိုမျိုးစံစိုး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အခြေစိုက်   သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို စစ်ကောင်စီတပ်က  သြဂုတ် ၂၉ ရက် ညနေပိုင်းက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပါတယ်။

ကိုမျိုးစံစိုးဟာ ကိုဗစ်တတိယလှိုင်းကစတင်ကာ မြို့အတွက် အောက်စီဂျင်ရှာပေးတဲ့ ပရဟိတလုပ်ငန်းလုပ်ဆောင်ပေးနေချိန် ခုလို ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ကိုမျိုးစံစိုး ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ခေါ်မေးတဲ့သဘောမျိုးဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့က ရဲအရာရှိ ၁ ဦးကတော့ ဒီဗွီဘီကို ပြောပါတယ်။

သြဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက  အာဏာသိမ်းစစ်တပ်က ကိုမျိုးစံစိုးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက်ပိုင်း မိသားစုနဲ့ အဆက်အသွယ်မရတော့ဘူးလို့လည်း ပြောပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကိုမျိုးစံစိုးရဲ့ ဖုန်းနဲ့ တခြားသတင်းထောက်တွေ။ နိုင်ငံရေးသမားတွေရဲ့ ပြောဆိုတာတွေကို ခြေရာခံနေပြီး သတင်းအချက်အလက်ရယူ နေတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ  ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရတဲ့ သတင်းသမားပေါင်း ၅၀ လောက်ရှိပြီး တချို့ပြန်လွတ်လာပေမဲ့ အနည်းဆုံး ၃၀ ကျော်လောက် အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရပါတယ်။

4 months Ago
Up