ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဇန်နဝါရီ ၁ ရက်နေ့ မနက် ၈ နာရီလောက်က စစ်ကောင်စီသတင်းပေး ကျော်လွင်ဆိုသူကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဲကုန်းကြီးကျေးရွာနား ဟင်္သာတ - မြို့ကွင်း ကားလမ်းဘေးအတိုင်း စစ်ကောင်စီသတင်းပေး ကျော်လွင်ဆိုသူ ဆိုင်ကယ်မောင်းလာတဲ့အချိန် နောက်ကနေ သေနတ်နဲ့အနီးကပ် ၇ ချက်ပစ်ခတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“သေနတ်နဲ့အနီးကပ်ကိုပစ်သွားတာလို့ပြောတယ်။ ၇ ချက်ပစ်သွားတာ၊ အဲ့နေရာမှာပဲသေသွားတယ်။ ရဲနဲ့ စစ်တပ်ကတော့ ထုံးစံအတိုင်း အလောင်းလာကောက်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ပစ်ခတ်ရှင်းလင်းမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ရောက်လာပြီး ပိတ်ဆို့ ရှာဖွေခဲ့သလို မြိုု့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာလည်း အရင်ကထက်ပိုပြီး စစ်ဆေးတင်းကြပ်ခဲ့တယ်လို့ ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းတာခံခဲ့ရတဲ့ စစ်ကောင်စီသတင်းပေးကျော်လွင်ဟာ အမှုပွဲစားလုပ်သူဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ CDM ဝန်ထမ်းတွေကို သတင်းပေးဖမ်းဆီးခိုင်းတာကြောင့် ခုလိုမျိုး ပစ်ခတ် ရှင်းလင်းခံရတာလို့ ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ သေချာမသိရသေးပေမယ့် ခုပစ်ခတ်မှု ဖြစ်စဉ်ဟာ ဧရာဝတီတိုင်းမှာ ၂၀၂၃ ခုနှစ်အတွက် ပထမဆုံး စစ်ကောင်စီနဲ့ထောက်တိုင်ကို ရှင်းလင်းတဲ့ မစ်ရှင် ဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းက စစ်ကောင်စီကို သတင်းပေးနေတဲ့ ကျော်နိုင်ဦးကို စက်တင်ဘာ ၂၆ ရက် မနက် ၁၁ နာရီ ၂၀ မိနစ်အချိန်က ရေး YGF ပြောက်ကျား တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ YGF မှ တာဝန်ရှိသူက ပြောပါတယ်။
သူက စစ်ကောင်စီနဲ့ပတ်သက်ဆက်နွှယ်နေပြီး ပြည်သူတွေအမြင်မှာတော့ အနေအေးပြီး နောက်ကွယ်မှာ ကွမ်းသီးဝယ်ရင်း စစ်ကောင်စီကို အထူးသတင်းပေးနေသော ကျောက်မိချောင်း တောင်နေ ကျော်နိုင်ဦးကို ဖရဲသီးသတင်းပေးချက်အရ YGF - ရေးပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ကျောက်မိချောင်းရွာနဲ့ ကျုံလောင်းရွာဟောင်းလမ်းဆုံ သူ့ရဲ့ ကွမ်းသီးရောင်းဝယ်ဒိုင်မှာ သူ့မိန်းမနဲ့ အတူရှိနေစဥ် မိန်းမဖြစ်သူကို ဘေးဖယ်ရှားပြီး စစ်ကောင်စီသတင်းပေး ကျော်နိုင်ဦးကို YGF-ရေး ပြောက်ကျားတပ်ဖွဲ့ကရှင်းလင်းလိုက်တာပါ။
ပစ်ခတ်ရှင်းလင်းခံရတဲ့ မိသားစုဝင်တွေဘက်ကတော့ အခုဖြစ်စဉ်မှာ သတင်းပေးလို့ စွပ်စွဲခံရပြီး အသတ်ခံရတဲ့အပေါ်မှာ ဝမ်းနည်းရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ သူတဦးက ပြောပါတယ်။
ရေးမြို့နယ်မှာ စစ်တပ်သတင်းပေးဆိုပြီး ကျောက်မိတောင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ အိုင်ဗုတ် လက်ဖက်ရည်ဆိုင်မှာ အမျိုးသား ၁ ဦး၊ အခု ကွမ်းသီးရောင်းဝယ်သမားတို့ အသတ်ခံခဲ့ရပြီး ကျုံလောင်းရွာဟောင်းရွာက ရပ်ကျေးစာရေးက ပထမဦးဆုံး ပစ်ခတ်ခံရပေမယ့် မသေဆုံးခဲ့ပါဘူး။
အဆိုပါ သတင်းပေးတွေ လုပ်ကြံသတ်ဖြတ်ခံနေရတဲ့ ကျုံလောင်းရွာဟောင်းနေရာဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သလို PDF တွေ လှုပ်ရှားနယ်မြေလည်း ဖြစ်ပြီး ရေး မြစ်ကူးတံတား စစ်ဆေးရေးဂိတ်လည်း ထားရှိပြီး လုံခြုံရေးတွေ တင်းကျပ် ပိတ်ဆို့ထားပါတယ်။