မက္ကဆီကိုနိုင်ငံ အကာပူလ်ကိုမြို့မှာ သတင်းထောက်တွေဟာ ဒီနှစ်အတွင်း သတင်းမီဒီယာသမား ၁၈ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို သြဂုတ် ၂၃ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
မက္ကဆီကို မီဒီယာသမားတွေအတွက် စံချိန်တင် သွေးထွက်သံယို အများဆုံးနှစ်တွေအတွင်း သြဂုတ် ၂၂ ရက်က ပစိဖိတ်ကမ်းရိုးတန်းပြည်နယ် ဂွါရဲရိုမှာ ဆောင်းပါးရှင် သတင်းထောက် Fredid "Fredy" Roman ဟာ သူ့ကားထဲမှာ အသေပစ်သတ်ခံခဲ့ရတာပါ။
ဒေသမီဒီယာတွေရဲ့ ဖော်ပြချက်အရ Roman ဟာ သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ချီလ်ပန်စင်းကိုမြို့မှာ မော်တော်ဆိုင်ကယ်တစီးနဲ့ လက်နက်ကိုင်တွေရဲ့ ချုံခိုတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။
ဒီသတင်းထောက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ‘နိုင်ငံတော် ရာဇဝတ်မှု’ လို့ စုံစမ်းရေးမှူးတွေက ခေါ်ဆိုတဲ့ ၂၀၁၄ ခုနှစ်က ကျောင်းသား ၄၃ ယောက် ပျောက်ဆုံးမှုမှာ ဒေသခံ နိုင်ငံရေးသမားတွေ ပါဝင်ပတ်သက်နေတာကို စွပ်စွဲရေးသားထားတဲ့ ဆောင်းပါးကော်လံကို ပို့စ်တင်ခဲ့ပြီးနောက် အသတ်ခံခဲ့ရတာပါ။
Roman ရဲ့ သေဆုံးမှုဟာ အခုလအတွင်း မက္ကဆီကိုသတင်းထောက် အနည်းဆုံး သုံးယောက် သတ်ဖြတ်ခံရမှုအပြီး ထပ်ဖြစ်ပွားခဲ့တာပါ။
Roman ရဲ့ သေဆုံးမှုဟာ သူ့အလုပ်နဲ့ ဆက်နွှယ်မှုရှိမရှိ ဆုံးဖြတ်ဖို့ လုပ်ဆောင်နေကြောင်း သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အလေးထားတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
ဒီနှစ်ဟာ မက္ကဆီကိုသတင်းထောက်တွေအတွက် အသေအပျောက် အများဆုံးနှစ် ဖြစ်နေကြောင်း Article 19 အဖွဲ့က ပြောပါတယ်။
၂၀၁၈ ခုနှစ်က သမ္မတ Andres Manuel Lopez Obrador တက်လာပြီးကတည်းက သတင်းသမားတွေအပေါ် အကြမ်းဖက်မှုတွေ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့ အဖွဲ့အစည်းက ပြောပါတယ်။
မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့ တီဟွာနာမှာ သတင်းထောက်တွေ ဖေဖော်ဝါရီ ၁၇ ရက်က ဆန္ဒပြပါတယ်။
ဒီနှစ်ထဲမှာ မီဒီယာလုပ်သား ၅ ယောက် အသတ်ခံရတဲ့ အကြမ်းဖက်မှု အဆုံးသတ်ရေး လုပ်ဆောင်ပေးဖို့ သမ္မတ အန်ဒရေ မန်နျူရယ် လိုပက်ဇ် အိုဘရဒေါကို သတင်းသမားတွေက ဆန္ဒပြတိုက်တွန်းနေတာပါ။
သမ္မတက မနက်ပိုင်း သတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့တဲ့ တီဟွာနာမြို့က စစ်တန်းလျား အတွင်းမှာရော အပြင်မှာပါ သတင်းထောက်တွေ ဆန္ဒပြခဲ့ ပါတယ်။
ဒီနှစ်ထဲမှာ အသတ်ခံရတဲ့ မီဒီယာသမား ၅ ယောက်ထဲက ၂ ယောက်ဟာ တီဟွာနာမှာ အသတ်ခံရ တာပါ။ သမ္မတက သတင်းထောက်တွေကို စကားနဲ့ တိုက်ခိုက်တာ ပိုများလာချိန်မှာ ဆန္ဒပြခဲ့တာလည်း ဖြစ်ပါတယ်။
“ကျမတို့ အလုပ်က အင်မတန် နာကျင်စရာများတယ်။ မက္ကဆီကိုနိုင်ငံထဲက နေရာအားလုံးမှာ ကျမတို့ဟာ အလုပ်အတွက် တိုက်ခိုက်သတ်ဖြတ်ခံရတဲ့ အရိပ်အောက်မှာ အလုပ်လုပ် နေရတယ်။ ကျမတို့အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေက ဖြေရှင်းမခံရဘူး” လို့ ဒေသခံ သတင်းထောက် တယောက်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
သမ္မတကတော့ သေဆုံးသူတွေအတွက် ဝမ်းနည်းရပြီး သူတို့ အမှုတွေ အတွက် ဒဏ်ခတ်မခံ ရဘူးဆိုတာ ရှိလာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ သူနှုတ်နဲ့ တိုက်ခိုက်တဲ့တချို့ ကြေးစား သတင်းထောက်တွေဟာ သူ့ကို တိုက်ခိုက်ဖို့ အမေရိကန်နဲ့ ဩဇာကြီး မူးယစ်ဂိုဏ်းတွေက ရံပုံငွေ ထောက်ပံ့ထားတဲ့ လူတွေလို့လည်း သမ္မတက ပြင်းပြင်းထန်ထန် ပြောခဲ့ပါတယ်။
သမ္မတရဲ့ သားဟာ အစိုးရရေနံ လုပ်ငန်း ပီးမက်ဇ်နဲ့ လုပ်ငန်းအတူလုပ်နေတဲ့ ကုမ္ပဏီ အကြီးအကဲ ပိုင်တဲ့ အမေရိကန် တက္ကဆပ်ပြည်နယ်က အိမ်ထဲမှာ နေထိုင်တယ်လို့ သတင်းထောက်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် နာမည်ကျော် မက်ဆီကို သတင်းကြေညာသူ ကားလော့စ် လိုရတ်ဒေ မိုလာရဲ့ လစာကို ထပ်ခါတလဲ ပြောခဲ့တဲ့အတွက် သမ္မတဟာ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပါတယ်။ အဲဒီနောက် ရက်ပိုင်းအတွင်းမှာ သမ္မတရဲ့ ဆိုးဝါးတဲ့ မှတ်ချက် ထွက်လာခဲ့ တာပါ။
နိုင်ငံအတွင်း သတင်းထောက်တွေအပေါ် အကြမ်းဖက်မှုအတွက် သမ္မတဟာ နိုင်ငံတကာ ဖိအားကို ရင်ဆိုင်ခဲ့ရပါတယ်။
ဒီသီတင်းပတ် အစောပိုင်းကလည်း အောက်လွှတ်တော်မှာ သတင်းယူတဲ့ သတင်းအဖွဲ့တွေက သတင်းထောက်တွေဟာ လွှတ်တော်အမတ်တွေကို ကျောခိုင်းရင်း ငါတို့ အသက်ရှင်ချင်တယ်လို့ အော်ဟစ် ဆန္ဒပြ ခဲ့ကြပါတယ်။