မက္ကဆီကိုတွင် သတင်းမီဒီယာသမားများ အကြမ်းဖက်ခံရမှု အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြ

မက္ကဆီကိုနိုင်ငံ အကာပူလ်ကိုမြို့မှာ သတင်းထောက်တွေဟာ ဒီနှစ်အတွင်း သတင်းမီဒီယာသမား ၁၈ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို သြဂုတ် ၂၃ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။
မက္ကဆီကို မီဒီယာသမားတွေအတွက် စံချိန်တင် သွေးထွက်သံယို အများဆုံးနှစ်တွေအတွင်း သြဂုတ် ၂၂ ရက်က ပစိဖိတ်ကမ်းရိုးတန်းပြည်နယ် ဂွါရဲရိုမှာ ဆောင်းပါးရှင် သတင်းထောက် Fredid "Fredy" Roman ဟာ သူ့ကားထဲမှာ အသေပစ်သတ်ခံခဲ့ရတာပါ။
ဒေသမီဒီယာတွေရဲ့ ဖော်ပြချက်အရ Roman ဟာ သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ချီလ်ပန်စင်းကိုမြို့မှာ မော်တော်ဆိုင်ကယ်တစီးနဲ့ လက်နက်ကိုင်တွေရဲ့ ချုံခိုတိုက်ခိုက်ခံခဲ့ရတာလို့ သိရပါတယ်။
ဒီသတင်းထောက်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ‘နိုင်ငံတော် ရာဇဝတ်မှု’ လို့ စုံစမ်းရေးမှူးတွေက ခေါ်ဆိုတဲ့ ၂၀၁၄ ခုနှစ်က ကျောင်းသား ၄၃ ယောက် ပျောက်ဆုံးမှုမှာ ဒေသခံ နိုင်ငံရေးသမားတွေ ပါဝင်ပတ်သက်နေတာကို စွပ်စွဲရေးသားထားတဲ့ ဆောင်းပါးကော်လံကို ပို့စ်တင်ခဲ့ပြီးနောက် အသတ်ခံခဲ့ရတာပါ။
Roman ရဲ့ သေဆုံးမှုဟာ အခုလအတွင်း မက္ကဆီကိုသတင်းထောက် အနည်းဆုံး သုံးယောက် သတ်ဖြတ်ခံရမှုအပြီး ထပ်ဖြစ်ပွားခဲ့တာပါ။
Roman ရဲ့ သေဆုံးမှုဟာ သူ့အလုပ်နဲ့ ဆက်နွှယ်မှုရှိမရှိ ဆုံးဖြတ်ဖို့ လုပ်ဆောင်နေကြောင်း သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အလေးထားတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
ဒီနှစ်ဟာ မက္ကဆီကိုသတင်းထောက်တွေအတွက် အသေအပျောက် အများဆုံးနှစ် ဖြစ်နေကြောင်း Article 19 အဖွဲ့က ပြောပါတယ်။
၂၀၁၈ ခုနှစ်က သမ္မတ Andres Manuel Lopez Obrador တက်လာပြီးကတည်းက သတင်းသမားတွေအပေါ် အကြမ်းဖက်မှုတွေ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့ အဖွဲ့အစည်းက ပြောပါတယ်။