ထိုင်းနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒဌာနရဲ့ ဒီကနေ့မနက် ၄ နာရီ ထုတ်ပြန်ချက်အရ နိုရို အမည်ရှိ မုန်တိုင်းဟာ အားပျော့ပြီးရင် မနက်ဖြန် စက်တင်ဘာ ၂၈ မှာ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းကို ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းဟာ လက်ရှိ တောင်တရုတ်ပင်လယ်ပြင်ကနေ တနာရီ ၃၅ ကီလိုမီတာနှုန်းနဲ့ ဗီယက်နမ်နိုင်ငံဘက်ကို ဦးတည်ရွေ့လျားနေပြီး မနက်ဖြန်မှာ ဗီယက်နမ်အလယ်ပိုင်းနဲ့ ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်ပြီး အပူပိုင်းမုန်တိုင်းငယ်အဖြစ် အားလျော့သွားမယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အနောက်တောင်မုတ်သုံလေဟာလည်း ကပ္ပလီပင်လယ်ပြင်၊ တောင်ပိုင်းနဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အားကောင်းလာမယ်လို့ ဆိုပါတယ်။
ဒီလိုအခြေအနေကြောင့် စက်တင်ဘာ ၂၈ ကနေ အောက်တိုဘာ ၁ ရက်နေ့ထိ ထိုင်းတနိုင်ငံလုံးမှာ မိုးရွာနိုင်ပြီး တချို့ဒေသမှာ မိုးသည်းထန်ကာ ရုတ်တရက် ရေကြီးတာ၊ တောင်ကျချောင်းရေ လျှံတာ၊ ပင်လယ်ပြင်မှာ လှိုင်းကြီးလေထန်တာတွေရှိမယ်လို့ သတိပေးထားပါတယ်။
ထိုင်းမြောက်ပိုင်းဒေသ ၇၀ ရာနှုန်းမှာ မိုးရွာနိုင်ပြီး အထူးသဖြင့် တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဗိစနုလုတ်၊ ဖိကျစ်၊ ဖစ်ချဘွန်း စတဲ့ခရိုင်တွေမှာ မိုးသည်းထန်နိုင်ကြောင်း၊ အလည်အပတ်ခရီး ထွက်သူတွေအနေနဲ့ ရေဝပ်နိုင်တဲ့ လိုဏ်ဂူတွေ၊ တောင်ကျရေတွေ၊ အရှိန်ပြင်းတဲ့ ရေတံခွန်တွေကို ရှောင်ရှားဖို့ သတိပေးထားပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်း အီဆန်ဒေသမှာ ၇၀ ရာခိုင်နှုန်း မိုးရွာနိုင်ပြီး မဟာဆာရခမ်း၊ ခွန်ကဲန်၊ ဥဒွန်းဌာနီ၊ နခွန်းဖနုန်၊ နခွန်းရာ့ချ်ဆီမား၊ ဆူရင်း၊ ဆီစကစ်၊ မုဒ်တာဟန်၊ ဥဘွန်းရာ့ချ်ဌာနီ၊ ဘူရီရမ်၊ ချိုင်းယဖုမ်း စတဲ့ခရိုင်တို့မှာ မိုးကြီးနိုင်ပါတယ်။
ထိုင်းအလယ်ပိုင်းဒေသရဲ့ ၈၀ ရာခိုင်နှုန်းမှာ မိုးရွာနိုင်ပြီး နခွန်းဆဝမ်၊ ဥထိုင်းဌာနီ၊ ဆင်းပူရီး၊ အန်ထောင်း၊ ချိုင်းနတ်၊ လုပ်ပူရီ၊ ဆရာပူရီ၊ ဆုဖန်းပူရီ၊ ကန်ကျနပူရီ၊ အယုဒ္ဓယ၊ စမွတ်စခွန်း၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်ဆုန်ခမ်း စတဲ့ခရိုင်တို့မှာ မိုးကြီးနိုင်ပါတယ်။
ထိုင်းအရှေ့ပိုင်း ပင်လယ်နားနီးဒေသ ၈၀ ရာခိုင်နှုန်းမှာ မိုးရွာနိုင်ပြီး ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ မီတာထိ မြင့်တက်လာနိုင်ပါတယ်။
တောင်ပိုင်းဒေသမှာ ၇၀ ရာခိုင်နှုန်း မိုးရွာနိုင်ပြီး ရနောင်းနဲ့ ဖန်ငခရိုင်မှာ မိုးသည်းထန်ကာ ပင်လယ်ပြင်မှာ လှိုင်းလုံး ၁ မီတာကနေ ၂ မီတာထိ မြင့်နိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နဲ့ ထိုင်းပင်လယ်ကွေ့မှာ လှိုင်းကြီးလေထန်ပြီး လှိုင်းအမြင့် ၂ မီတာကနေ ၃ မီတာထိ မြင့်နိုင်တာမို့ စက်တင်ဘာ ၂၈ ကနေ အောက်တိုဘာ ၁ ရက်နေ့အတွင်း ငါးဖမ်းလှေတွေ ကမ်းမထွက်ဖို့ ထိုင်းမိုးလေဝသဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ ခရိုင် ၂၄ ခုမှာ လာမယ့် စက်တင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိ ၅ ရက်အတွင်း အနောက်တောင်မုတ်သုံလေကြောင့် မိုးသည်းထန်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မိုးလေဝသဌာနရဲ့ ရာသီဉတုဆိုင်ရာ ခန့်မှန်းချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံ အမျိုးသား ရေအရင်းအမြစ်ဌာနက သတိပေးလိုက်တာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ မတိုင်ခင်အထိ ထိုင်းနိုင်ငံ နေရာအတော်များများမှာ နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ပြောပါတယ်။ ဒါဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေ အားကောင်းနေပြီး မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလော ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ဌာနက သတိပေးချက် ထုတ်ပြန်ထားရာမှာတော့ မြောက်ပိုင်းမြို့တော် ချင်းမိုင် အပါအဝင် နိုင်ငံမြောက်ပိုင်းက ဒေသ ၉ ခု၊ အရှေ့မြောက်ပိုင်းဒေသ ၁၀ ခု၊ အလယ်ပိုင်းဒေသ ၂ ခု၊ အနောက်ပိုင်းဒေသ ၂ ခု၊ အရှေ့ပိုင်းဒေသ ၂ ခုစီ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ကြီး ၁၃ ခုနဲ့ ရေလှောင်ကန်ကြီးတွေရဲ့ ရေပမာဏကို အနီးကပ်စောင့်ကြည့်ဖို့လည်း ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ဌာနက သက်ဆိုင်ရာ အာဏာပိုင်တွေကို သတိပေးထားပြီး စိုးရိမ်ရေမှတ် ရောက်ရှိလာတဲ့ အခါမှာလည်း အများပြည်သူကို သတိပေးဖို့ ညွှန်ကြားထားပါတယ်။
မြစ်ကမ်းနားနီးနီးနဲ့ ရေကြီးလေ့ရှိတဲ့ ဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့လည်း ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနိုင်ဖို့ လုံလောက်တဲ့အချိန် ရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်ကြဖို့လည်း ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ညက မိုးအဆက်မပြတ် ရွာသွန်းပြီးတဲ့နောက် နေရာအတော်များများမှာ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့တာမို့ စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရပါသေးတယ်။