ထိုင်းခရိုင် ၂၄ ခုတွင် ရေကြီးရေလျှံဖြစ်နိုင်ကြောင်း သတိပေးချက်ထုတ်ပြန်

ထိုင်းနိုင်ငံ ခရိုင် ၂၄ ခုမှာ လာမယ့် စက်တင်ဘာ ၁၇ ရက်ကနေ ၂၁ ရက်အထိ ၅ ရက်အတွင်း အနောက်တောင်မုတ်သုံလေကြောင့် မိုးသည်းထန်ကာ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မိုးလေဝသဌာနရဲ့ ရာသီဉတုဆိုင်ရာ ခန့်မှန်းချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံ အမျိုးသား ရေအရင်းအမြစ်ဌာနက သတိပေးလိုက်တာဖြစ်ပြီး လာမယ့် တနင်္ဂနွေနေ့ မတိုင်ခင်အထိ ထိုင်းနိုင်ငံ နေရာအတော်များများမှာ နေရာကွက်ကျား မိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်လို့ ပြောပါတယ်။ ဒါဟာ ကပ္ပလီပင်လယ်ပြင်နဲ့ ပင်လယ်ကွေ့တို့မှာ အနောက်တောင်မုတ်သုံလေ အားကောင်းနေပြီး မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့ကို ဖြတ်ကျော်ဝင်ရောက်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
လတ်တလော ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ဌာနက သတိပေးချက် ထုတ်ပြန်ထားရာမှာတော့ မြောက်ပိုင်းမြို့တော် ချင်းမိုင် အပါအဝင် နိုင်ငံမြောက်ပိုင်းက ဒေသ ၉ ခု၊ အရှေ့မြောက်ပိုင်းဒေသ ၁၀ ခု၊ အလယ်ပိုင်းဒေသ ၂ ခု၊ အနောက်ပိုင်းဒေသ ၂ ခု၊ အရှေ့ပိုင်းဒေသ ၂ ခုစီ ပါဝင်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆည်ကြီး ၁၃ ခုနဲ့ ရေလှောင်ကန်ကြီးတွေရဲ့ ရေပမာဏကို အနီးကပ်စောင့်ကြည့်ဖို့လည်း ထိုင်းနိုင်ငံ အမျိုးသားရေအရင်းအမြစ်ဌာနက သက်ဆိုင်ရာ အာဏာပိုင်တွေကို သတိပေးထားပြီး စိုးရိမ်ရေမှတ် ရောက်ရှိလာတဲ့ အခါမှာလည်း အများပြည်သူကို သတိပေးဖို့ ညွှန်ကြားထားပါတယ်။
မြစ်ကမ်းနားနီးနီးနဲ့ ရေကြီးလေ့ရှိတဲ့ ဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့လည်း ဘေးလွတ်ရာဆီ ရွှေ့ပြောင်းနိုင်ဖို့ လုံလောက်တဲ့အချိန် ရရှိနိုင်ဖို့ ကြိုတင်ပြင်ဆင်ကြဖို့လည်း ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာလည်း ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ညက မိုးအဆက်မပြတ် ရွာသွန်းပြီးတဲ့နောက် နေရာအတော်များများမှာ ရေကြီးရေလျှံ ဖြစ်ပေါ်ခဲ့တာမို့ စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရပါသေးတယ်။