ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ပါရမီလမ်းမပေါ်မှာ ဆိုင်ကယ်နဲ့ လုယက်တာတွေများပြားနေတဲ့အတွက် သတိထားသွားလာကြဖို့ လျှပ်စစ်ဓာတ်ကြိုးတွေမှာ သတိပေးဆိုင်းဘုတ်တွေ ချိတ်ဆွဲပြီး သတိပေး တာတွေကို ပြည်သူတွေက ပြုလုပ်နေကြပါတယ်။
စစ်ကောင်စီက အုပ်ချုပ်နေတဲ့ တနှစ်ကျော်ကာလအတွင်းမှာ တရားဥပဒေစိုးမိုးမှု လျော့ကျလာပြီးတော့ ကုန်းဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးလာမှုတွေကြောင့် ခိုးဆိုးလုနှိုက်တွေဟာ ပိုမိုများပြားလာတဲ့အတွက် ပြည်သူတွေဟာ စစ်ကောင်စီရဲ့ တရားစီရင်ရေးထက် အခုလို ပြည်သူအချင်းချင်း သတိပေးတာတွေပြုလုပ်လာရတာလို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။
ရန်ကုန်မှာ ယခင်က မြို့စွန်တွေလောက်မှာပဲ လုယက်မှုတွေရှိနေပေမယ့် အခုအခါ လူသွား လူလာများပြားတဲ့ နေရာတွေမှာပါ အသက်အန္တရာယ်ထိခိုက်စေလောက်တဲ့ လုယက်မှုတွေကို ကျူးလွန်လာကြပေမယ့် စစ်ကောင်စီရဲ့ ရဲဌာနကတော့ ပြည်သူတွေ အားကိုးအားထား ထိုက်ပြုလောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။
လုယက်မှုတွေဟာ ရန်ကုန်မြို့ လှည်းတန်းလို လူစည်ကားတဲ့နေရာတွေမှာတောင် ဖုန်းလုယူ ထွက်ပြေးတဲ့ ဖြစ်စဥ်တွေ မကြာခဏဖြစ်ပေါ်နေပြီး လုယက်သူတွေကို ပြည်သူအချင်းချင်းကသာ ဝိုင်းဝန်းဖမ်းစီးပြီး ရဲစခန်းကို ပို့ဆောင်ပေမယ့် ရဲစခန်းကတော့ ငွေပေးနိုင်မှ အမှုဖွင့်ပေးမယ်ဆိုတဲ့ ဖြစ်စဥ်တွေကိုလည်း ကြုံတွေ့နေရတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ဆိုပါတယ်။
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဒလန်တွေကို ကျည်ဆန်တတောင့်စီနဲ့အတူ အချက် ၄ ချက်ပါ သတိပေးစာတစောင် ဒလန်ရှင်းလင်းရေးအဖွဲ့က ပေးပို့တယ်လို့ သိရပါတယ်။
သတိပေးစာမှာ CDM သမားတွေ၊ စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားသူတွေကို ဖိအားအမျိုးမျိုးပေးနေတဲ့ သစ္စာဖောက်လောက်ကောင် ဒလန်တွေကို လုပ်ရပ်တွေချက်ချင်းရပ်ဖို့၊ ဥပဒေမဲ့လုပ်ရပ်မကျူးလွန်ဖို့၊ တဖွဲ့ဖွဲ့ကိုအားကိုးပြီး တိုင်တန်းတာမျိုးမလုပ်ဖို့၊ မိသားစုတွေခေါ်ပြီး မြို့ကနေ ထွက်ခွာသွားဖို့ စတဲ့စာတစောင်ကို ကျည်တတောင့်နဲ့အတူပေးပို့ထားတာပါ။
လိုက်နာခြင်းမရှိရင် ဒလန်နဲ့ သူ့ရဲ့မိသားစုအသက်အန္တရာယ်ကို ညှာတာနေမှာမဟုတ်ဘူးလို့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်သတိပေးလိုက်ကြောင်း ရေးသားထားပါတယ်။