စစ်ရေးအရှိန်မြင့်နေတဲ့ တနင်္သာရီတိုင်းထဲက ထားဝယ်-မြိတ် ကားလမ်းမကြီးကို နိုဝင်ဘာ ၈ ရက်ကစပြီး ခရီးသွားတွေ ဖြတ်သန်းသွားလာတာ မလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း-၁ နဲ့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်ထားပါတယ်။
ထားဝယ်-မြိတ် ကားလမ်းမကြီးတလျှောက် ပုလောမြို့နယ်ထဲက နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်သားတွေက ခရီးသွားတွေကို ဖမ်းဆီးပြီး လူသားဒိုင်း အနေနဲ့ အသုံးပြုတာတွေရှိနေတာကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း-၁ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကတော့ လမ်းပြန်လည်အသုံးပြုခွင့်ပေးဖို့က စစ်ရေးအခြေအနေပေါ် မူတည်ကြောင်းနဲ့ လက်ရှိမှာ ခရီးသွားတွေရဲ့ လုံခြုံရေးကြောင့် မစ်ရှင်ဖျက်သိမ်းတာမျိုး လုပ်နေရတယ်လို့လည်း ပြောပါတယ်။
ထားဝယ်-မြိတ် ကားလမ်းမတလျှောက် ပုလောမြို့နယ်ထဲက နေရာတချို့မှာ ခရီးသွားကားတွေကို စစ်ကောင်စီတပ်ဖွဲ့တွေရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပါ စစ်ဆေးနေတာရှိပြီး တိုက်ပွဲတွေကြောင့် ခရီးဆက်မသွားနိုင်ဘဲ ရပ်တန့် စောင့်ဆိုင်းနေရတာတွေမျိုးလည်း ရှိတယ်လို့ ခရီးသွားတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် မနက် ၅ နာရီလောက်ကလည်း ပုလောမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၈၅ ကနေ မြိတ်ဘက်ဆင်းလာတဲ့ စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းကို ပုလောမြို့နယ်၊ မင်းထိန်ရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တနာရီလောက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
ပုလောမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာကနေ အခုထိ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ပြည်သူ့တချို့ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
အီရန် ဆန္ဒပြသူတွေကို အီရန်ရဲ့ အင်အားကြီး တော်လှန်ရေး အစောင့်တပ် အကြီးအကဲ ဟူစိန် ဆာလာမီက အောက်တိုဘာ ၂၉ ရက် မှာ သတိပေးလိုက်ပါတယ်။
နိုင်ငံတွင်း မငြိမ်မသက် ဖြစ်နေတဲ့အပေါ် လုံခြုံရေးတပ်ဖွဲ့တွေက အပြင်းအထန် နှိမ်နင်းတာတွေ အရှိန်မြှင့်လာနိုင်တဲ့ လက္ခဏာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။
“လမ်းမပေါ် မလာပါနဲ့” လို့ ဆာလာမီက ပြောရင်း အကျပ်အတည်းအတွင်း အပြင်းထန်ဆုံး စကားလုံးတွေကို သူက ပြောခဲ့တာပါ။
အီရန် ဘာသာရေးခေါင်းဆောင်တွေကတော့ အကျပ်အတည်းရဲ့ အကြောင်းရင်းအဖြစ် အစ္စရေးနဲ့ အမေရိကန် အပါအဝင် ပြည်ပရန်သူတွေကို အပြစ်တင်ခဲ့ပါတယ်။
အမျိုးသမီးတွေက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ဆန္ဒပြလှုပ်ရှားနေသူတွေကတော့ အီရန်နိုင်ငံသားတွေက သတိပေးချက်တွေကို ဖီဆန်ခဲ့ကြပါတယ်။
အောက်တိုဘာ ၂၉ ရက်က သွေးထွက်သံယိုနဲ့ ဆန္ဒပြပွဲတွေ အသစ်တဖန် ထပ်ဖြစ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။
ဆာကက်ရှ်မြို့က မိန်းကလေးကျောင်းတစ်ကျောင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျောင်းသူတွေ ကို ပစ်ခတ်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့ ဟန်းဂါက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကာဒစ်စတန်ပြည်နယ် မြို့တော် ဆာနန်ဒက်ရှ်က ဆေးသိပ္ပံတက္ကသိုလ် ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့ဝင် တွေက ပစ်ခတ်ခဲ့လို့ ကျောင်းသား အများအပြား ဒဏ်ရာရခဲ့ပြီး တယောက်က ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ ဟန်းဂါ က ပြောပေမဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
ပြီးခဲ့တဲ့လက အကျင့်စာရိတ္တ ထိန်းသိမ်းရေးရဲတွေ ဖမ်းထားချိန်မှာ အသက် ၂၂ နှစ်အရွယ် ကာ့ဒ်အမျိုးသမီး မာဆာအာမီနီ သေဆုံးပြီးတဲ့နောက် အီရန်နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။