ဟောင်ကောင်မြို့စွန်က အိမ်တအိမ်မှာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဖြတ်တောက်ရာမှာ သုံးတဲ့ ပစ္စည်းတွေနဲ့အတူ အသက် ၂၈ နှစ်အရွယ် မော်ဒယ် အက်ဘီချွိုင်ရဲ့ ခြေထောက်တွေကို ရေခဲသေတ္တာထဲမှာ တွေ့ရှိခဲ့လို့ ချွိုင်ကိုသတ်မှုနဲ့ ပတ်သက်ပြီး လူ ၃ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။
ချွိုင်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ရဲတွေက တွေ့ရှိခဲ့ပေမဲ့ သူ့ရဲ့ ဦးခေါင်း၊ ခန္ဓာကိုယ်နဲ့ လက်တွေကို ရှာမတွေ့သေးပါဘူး။
အခင်းဖြစ်ပွားရာ ဘဏ္ဍာရေးအချက်အချာကျတဲ့ ကျေးလက် ထိုင်ပိုခရိုင်မှာ အသားလှီးဖြတ်စက်နဲ့ လျှပ်စစ်လွှတလက်တို့ကိုလည်း တွေ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က လိုဖီရှယ် မိုနာကို ဖက်ရှင်မဂ္ဂဇင်းရဲ့ ဒစ်ဂျစ်တယ်မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရတဲ့ ဒေသခံ သြဇာလွှမ်းမိုးသူ ချွိုင်ကို ရက်ရက်စက်စက် သတ်ဖြတ်မှုဟာ ဒေသတွင်းရှိ အတင်းအဖျင်း မီဒီယာတွေပေါ်မှာ ခြေကုပ်ယူထားပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အာဏာပိုင်တွေက ရှာဖွေနေချိန် ဒရုန်းတွေနဲ့ တောင်တက်အဖွဲ့တွေကိုပါ အာဏာပိုင်တွေက သုံးခဲ့ကြပါတယ်။
ဒီအမှုအတွက် အသက် ၃၁ နှစ်နဲ့ ၆၅ နှစ်စီရှိကြတဲ့ အမျိုးသား ၂ ဦးကို လူသတ်မှု၊ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတဦးကို တရားစီရင်ရေးလမ်းစဉ်ကို ဖောက်ဖျက်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ ဒေသဆိုင်ရာ တရားရုံးမှာ ရုံးထုတ်ဖို့ စီစဉ်ထားပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ ဇွန်လနှောင်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တကျော့ပြန်တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာတယ်လို့ ဒေသခံတွေက ဒီဗွီဘီကိုပြောပါတယ်။
တိုက်ပွဲတွေပြန်ဖြစ်လာတာနဲ့အတူ စစ်ကောင်စီတပ်တွေက ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ကာ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
ဇွန် ၁၅ ရက်နေ့က တမူးမြို့နယ်၊ မင်းသာကျေးရွာ နန်းသလဲ့တံတားဘေးမှာ မွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အသက် ၅၀ ဝန်းကျင် ဦးကျော်လွင်ကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က မင်းသာကျေးရွာသင်္ချိုင်းမှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး အလောင်းကို မီးရှို့သွားတယ်လို့ သေဆုံးသူနဲ့နီးစပ်တဲ့သူတဦးက ဒီဗွီဘီကိုပြောပါတယ်။
“ဇွန်လ ၁၄ ရက်နေ့က စစ်သားတွေက ဦးကျော်လွင်ရဲ့ မွေးမြူရေးခြံကို ရောက်လာကြတာ။ ဦးလေးရဲ့ခြံမှာ လက်နက်တွေ ဖွက်ထားတယ်လို့စွပ်စွဲပြီး ခြံကိုရှာဖွေ မွှေနှောက်ကာ ဦးလေးရဲ့ စုဆောင်းထားတဲ့ ငွေကျပ်သိန်း ၃၀၀ နဲ့ ဖုန်း ၂ လုံးတို့ကို လုယူသွားတာကြောင့် သေဆုံးသူဟာ ဇွန် ၁၅ ရက်နေ့မှာ မင်းသာစခန်းအရာရှိထံ သူ့ရဲ့ငွေနှင့်ဖုန်းကို သွားရောက်တောင်းယူတာ မောင်းထုတ်ခံရပြီး အပြန်ခြံထဲမှာနေစဉ် စစ်ကောင်စီတပ်တွေက မင်းသာသင်္ချိုင်းထဲခေါ်ဆောင်ကာ မီးရှို့သတ်ဖြတ်သွားကြတာ။ ဒီနေ့ချိန်ထိ မီးရှို့ခံထားရတဲ့အလောင်းက အပုပ်နံ့တွေနဲ့ ရှိနေသေးတယ်။”
ဇွန် ၂၃ ရက်နေ့ကလည်း တိုက်ပွဲဖြစ်နေတဲ့ ရန်လင်းဖိုင်ကျေးရွာနဲ့ ခွန်မွန်းနွန်ကျေးရွာက ဒေသခံအမျိုးသား ၃ ဦးကို စစ်ကောင်စီတပ်တွေကဖမ်းဆီးပြီး ဇွန် ၂၄ ရက်နေ့ မနက်ပိုင်းမှာတော့ နမွန်းတာကျေးရွာမှာ ဖမ်းဆီးခံရတဲ့ အမျိုးသား ၃ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“တိုက်ပွဲဖြစ်လို့ ပုန်းနေရင်းကမိသွားလို့ ဖမ်းခံရတာ။ ရန်းလင်းဖိုင်ရွာက ဦးပေါင်တင်းထန်၊ ဦးဟောင်လင်မာန်းနဲ့ ခွန်မွန်းနွန်ရွာက ဦးဆေးခိုထန်တို့ဖြစ်ကြပြီး သူတို့ ၃ ဦးက ကျေးရွာစာသင်ကျောင်းနဲ့နေအိမ်မှာ ပုန်းအောင်းနေတုန်း ဖမ်းဆီးခံရပြီး နမွန်းတာရွာမှာသတ်ဖြတ်ခံခဲ့ရတာ။”
ဇွန် ၃၀ ရက်နေ့ညပိုင်းကလည်း နောင်ကတ်ရွာသစ်ကျေးရွာက မောင်ထန်ဂင်းဟောင်ဟာ နေအိမ်ပြန်ရောက်မလာဘဲ ဇူလိုင် ၁ ရက်နေ့ မနက်ပိုင်းက ရွာလယ်လမ်းမကြီးပေါ်မှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
“ညပိုင်းမှာ ရိုက်နှက်သတ်ခံရပြီး ရွာထဲမှာ လာထားသွားဟန်တူတယ်။ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့သေဆုံးနေတာ။ ဘယ်အဖွဲ့အစည်းက သတ်တယ်ဆိုတာတော့မသိဘူး။ ဒါပေမဲ့ ရွာအနောက်ဘက်နဲ့ရွာမြောက်ဘက်မှာ ပျူစောထီးတွေ အခြေချထားတဲ့စခန်းတော့ရှိတယ်။”
နှစ်ဖက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေ များပြားတာကြောင့် ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ပြီး လူနေအိမ်တွေမီးရှို့တာလို့ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
တမူးမြို့နယ်မှာ စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ကာ ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသခံတွေဟာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားဝတ်နေရေးအခက်အခဲတွေဖြစ်ပေါ်နေပါတယ်။
ဒီဗွီဘီက စုဆောင်းထားတဲ့ အချက်အလက်တွေအရ တမူးမြို့နယ်မှာ ဒေသခံနေအိမ် ၁၀ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံထားရပါတယ်။