ဟောင်ကောင်မော်ဒယ် အက်ဘီချွိုင် သတ်ဖြတ်ခံရမှုဖြင့် လူ ၃ ဦးကို ဖမ်းဆီး

ဟောင်ကောင်မြို့စွန်က အိမ်တအိမ်မှာ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဖြတ်တောက်ရာမှာ သုံးတဲ့ ပစ္စည်းတွေနဲ့အတူ အသက် ၂၈ နှစ်အရွယ် မော်ဒယ် အက်ဘီချွိုင်ရဲ့ ခြေထောက်တွေကို ရေခဲသေတ္တာထဲမှာ တွေ့ရှိခဲ့လို့ ချွိုင်ကိုသတ်မှုနဲ့ ပတ်သက်ပြီး လူ ၃ ဦးကို ဖေဖော်ဝါရီ ၂၆ ရက်က ဖမ်းဆီးခဲ့တယ်လို့ ဟောင်ကောင်ရဲတပ်ဖွဲ့က ပြောပါတယ်။
ချွိုင်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖေဖော်ဝါရီ ၂၅ ရက်မှာ ရဲတွေက တွေ့ရှိခဲ့ပေမဲ့ သူ့ရဲ့ ဦးခေါင်း၊ ခန္ဓာကိုယ်နဲ့ လက်တွေကို ရှာမတွေ့သေးပါဘူး။
အခင်းဖြစ်ပွားရာ ဘဏ္ဍာရေးအချက်အချာကျတဲ့ ကျေးလက် ထိုင်ပိုခရိုင်မှာ အသားလှီးဖြတ်စက်နဲ့ လျှပ်စစ်လွှတလက်တို့ကိုလည်း တွေ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က လိုဖီရှယ် မိုနာကို ဖက်ရှင်မဂ္ဂဇင်းရဲ့ ဒစ်ဂျစ်တယ်မျက်နှာဖုံးမှာ ဖော်ပြခံခဲ့ရတဲ့ ဒေသခံ သြဇာလွှမ်းမိုးသူ ချွိုင်ကို ရက်ရက်စက်စက် သတ်ဖြတ်မှုဟာ ဒေသတွင်းရှိ အတင်းအဖျင်း မီဒီယာတွေပေါ်မှာ ခြေကုပ်ယူထားပါတယ်။
သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အာဏာပိုင်တွေက ရှာဖွေနေချိန် ဒရုန်းတွေနဲ့ တောင်တက်အဖွဲ့တွေကိုပါ အာဏာပိုင်တွေက သုံးခဲ့ကြပါတယ်။
ဒီအမှုအတွက် အသက် ၃၁ နှစ်နဲ့ ၆၅ နှစ်စီရှိကြတဲ့ အမျိုးသား ၂ ဦးကို လူသတ်မှု၊ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတဦးကို တရားစီရင်ရေးလမ်းစဉ်ကို ဖောက်ဖျက်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူတို့ကို ဖေဖော်ဝါရီ ၂၇ ရက်မှာ ဒေသဆိုင်ရာ တရားရုံးမှာ ရုံးထုတ်ဖို့ စီစဉ်ထားပါတယ်။