close

သဘာဝဓာတ်ငွေ့ပိုက်လိုင်း

close

March 23, 2023

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားပေးမှု ထပ်မံလျှော့ချရဖွယ်ရှိ

ရန်ကုန်တိုင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွေဆီ ပို့လွှတ်ထားတဲ့ ဇောတိက သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်မှာဖြစ်လို့ ရန်ကုန်မြို့မှာ  မတ် ၂၆ ရက် အထိ ယာယီဝန်အားလျှော့ချရတာတွေရှိနိုင်မယ်လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။

သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းသိမ်းပြုပြင်မှုကို မတ် ၂၃ ရက် မနက် ၈ နာရီကနေ ၂၆ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး အဲဒီကာလအတွင်းမှာ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်တွေကနေ ဓာတ်အားစနစ်အတွင်းကို ဓာတ်အားထုတ်လုပ်ပို့လွှတ်မှု စုစုပေါင်း ၂၂၅ MW ခန့် လျော့နည်းမယ်လို့ YESC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လျော့နည်းသွားတဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွေအတွက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်တွေကနေ အစားထိုး ဓာတ်အားထုတ်လုပ် ပို့လွှတ်သွားမှာဖြစ်ပေမဲ့ ဝန်အားထိန်းညှိဖို့ လိုအပ်ပါက ယာယီဝန်အားလျှော့ချရမှုတွေ ရှိနိုင်တဲ့အပေါ် YESE က အသိပေး ထုတ်ပြန်ထားတာပါ။

လက်ရှိ ရန်ကုန်မြို့က မြို့နယ်တွေမှာ လျှပ်စစ်မီးကို အချိန်နဲ့ အလှည့်ကျပေးနေပြီး နေ့စဉ် တရက်ကို ၄ နာရီ တရက်ခြားပြီး ၈ နာရီခန့်ထိ ခွဲတမ်းနဲ့ ပုံမှန် လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

တချို့မြို့နယ်တွေမှာတော့ အချိန်မကျဘဲ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

လျှပ်စစ်မီး ပုံမှန်မရရှိတာ၊ လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်တာတွေကြောင့် ရန်ကုန်မြို့ အပါအဝင် နိုင်ငံတဝန်းက စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်လူမှုဘဝတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

11 mins Ago

December 8, 2021

ရုရှားက ယူကရိန်းကို ကျူးကျော်လျှင် ဂျာမန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ချမည်

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပါက နော့ဒ်စထရင်းတူး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ပိတ်ချပစ်မယ့် ဂျာမနီအစိုးရကို နားလည်ပေးနိုင်တယ်လို့ အမေရိကန်အရာရှိတွေက အောက်လွှတ်တော် အမတ်တွေကို ပြောခဲ့ကြောင်း အောက်လွှတ်တော် အကြီးတန်း အကြံပေး တယောက်က ရိုက်တာသတင်းဌာနကို ဒီဇင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။

ရုရှားက ရန်လိုတဲ့ လုပ်ရပ်တွေလုပ်ခဲ့ပါက ဘောလ်တစ်ပင်လယ်အောက်ကနေ ဖြတ်သန်းပြီး ရုရှားကနေ ဂျာမနီနိုင်ငံဆီ သွယ်တန်းထားတဲ့ နော့ဒ်စထရင်းမ်တူး ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်မယ်လို့ ဂျာမနီအစိုးရက ကတိပြုထားကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

“ရုရှားက ယူကရိန်းကို ကျူးကျော်မှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေတယ်။ ရုရှားအစိုးရက စစ်ရေးပဋိပက္ခကို စခဲ့ရင် အပြစ်ပေးတဲ့အနေနဲ့ အားကောင်းတဲ့ စီးပွားရေးနဲ့ တခြား အရေးယူ ဆောင်ရွက်ချက်တွေ ချမှတ်မယ်” လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို သတိပေးပြောဆိုထားပါတယ်။

“ဓာတ်ငွေ့တွေ နော့ဒ်စထရင်းမ်တူး ပိုက်လိုင်းကနေ စီးမလာသေးပေမယ့် ရုရှားဓာတ်ငွေ့လုပ်ငန်းကြီး ဂက်ဇ်ပရွန်က ဒီစီမံကိန်းကို ဦးဆောင်တာဖြစ်လို့ ပူတင်နဲ့ ပတ်သက်ရင် အနောက်နိုင်ငံတွေအတွက် အရှိန်အဝါကို ဖန်တီးပေးနေတယ်။ တကယ်လို့ ပူတင်က ပိုက်လိုင်းကနေ ဓာတ်ငွေ့ စီးနေတာကို မြင်ချင်ရင် ယူကရိန်းအား ကျူးကျော်မှုရဲ့ အန္တရာယ်ကို ယူမှာ မဟုတ်ဘူး” လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလေဗန်က သတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောပါတယ်။ 

အမေရိကန် အစိုးရဟာ ရုရှားရဲ့ ကျူးကျော်မှု ဖြစ်နိုင်ခြေအတွက်ရော နော့ဒ်စထရင်းတူး ပိုက်လိုင်းကိစ္စအတွက်ပါ ဂျာမန်အစိုးရနဲ့ ဆွေးနွေးနေကြောင်း ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့  ဆူလေဗန်က ပြောဆိုခဲ့ခြင်းမရှိပါဘူး။

ဘိုင်ဒန်ဟာ ရုရှား ဂျာမန် ဓာတ်ငွေ့ပိုက်လိုင်းကိစ္စကို ကာလကြာရှည် ဆန့်ကျင်ခဲ့သူပါ။ ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ရုရှားအပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ခဲ့ပေမယ့် စီမံကိန်း နောက်ကွယ်က ကုမ္ပဏီကိုတော့ ဒဏ်မခတ်ရသေးပါဘူး။

1 year Ago
Up