ရုရှားက ယူကရိန်းကို ကျူးကျော်လျှင် ဂျာမန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ချမည်

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပါက နော့ဒ်စထရင်းတူး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ပိတ်ချပစ်မယ့် ဂျာမနီအစိုးရကို နားလည်ပေးနိုင်တယ်လို့ အမေရိကန်အရာရှိတွေက အောက်လွှတ်တော် အမတ်တွေကို ပြောခဲ့ကြောင်း အောက်လွှတ်တော် အကြီးတန်း အကြံပေး တယောက်က ရိုက်တာသတင်းဌာနကို ဒီဇင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။
ရုရှားက ရန်လိုတဲ့ လုပ်ရပ်တွေလုပ်ခဲ့ပါက ဘောလ်တစ်ပင်လယ်အောက်ကနေ ဖြတ်သန်းပြီး ရုရှားကနေ ဂျာမနီနိုင်ငံဆီ သွယ်တန်းထားတဲ့ နော့ဒ်စထရင်းမ်တူး ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်မယ်လို့ ဂျာမနီအစိုးရက ကတိပြုထားကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
“ရုရှားက ယူကရိန်းကို ကျူးကျော်မှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေတယ်။ ရုရှားအစိုးရက စစ်ရေးပဋိပက္ခကို စခဲ့ရင် အပြစ်ပေးတဲ့အနေနဲ့ အားကောင်းတဲ့ စီးပွားရေးနဲ့ တခြား အရေးယူ ဆောင်ရွက်ချက်တွေ ချမှတ်မယ်” လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို သတိပေးပြောဆိုထားပါတယ်။
“ဓာတ်ငွေ့တွေ နော့ဒ်စထရင်းမ်တူး ပိုက်လိုင်းကနေ စီးမလာသေးပေမယ့် ရုရှားဓာတ်ငွေ့လုပ်ငန်းကြီး ဂက်ဇ်ပရွန်က ဒီစီမံကိန်းကို ဦးဆောင်တာဖြစ်လို့ ပူတင်နဲ့ ပတ်သက်ရင် အနောက်နိုင်ငံတွေအတွက် အရှိန်အဝါကို ဖန်တီးပေးနေတယ်။ တကယ်လို့ ပူတင်က ပိုက်လိုင်းကနေ ဓာတ်ငွေ့ စီးနေတာကို မြင်ချင်ရင် ယူကရိန်းအား ကျူးကျော်မှုရဲ့ အန္တရာယ်ကို ယူမှာ မဟုတ်ဘူး” လို့ အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ခ်ဆူလေဗန်က သတင်းထောက်တွေကို အိမ်ဖြူတော်မှာ ပြောပါတယ်။
အမေရိကန် အစိုးရဟာ ရုရှားရဲ့ ကျူးကျော်မှု ဖြစ်နိုင်ခြေအတွက်ရော နော့ဒ်စထရင်းတူး ပိုက်လိုင်းကိစ္စအတွက်ပါ ဂျာမန်အစိုးရနဲ့ ဆွေးနွေးနေကြောင်း ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ ဆူလေဗန်က ပြောဆိုခဲ့ခြင်းမရှိပါဘူး။
ဘိုင်ဒန်ဟာ ရုရှား ဂျာမန် ဓာတ်ငွေ့ပိုက်လိုင်းကိစ္စကို ကာလကြာရှည် ဆန့်ကျင်ခဲ့သူပါ။ ပိုက်လိုင်းနဲ့ ပတ်သက်ပြီး ရုရှားအပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ခဲ့ပေမယ့် စီမံကိန်း နောက်ကွယ်က ကုမ္ပဏီကိုတော့ ဒဏ်မခတ်ရသေးပါဘူး။