စစ်ကောင်စီက အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်တို့အပေါ် ပုဒ်မမျိုးစုံနဲ့ စွပ်စွဲတရားစွဲဆိုကာ အမိန့်ချခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ဖေဖော်ဝါရီ ၁၄ ရက်က အယူခံတင်ခဲ့တယ်လို့ တရားရေးနဲ့ပတ်သက်တဲ့ အသိုက်အဝန်းက သိရပါတယ်။
ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အမှု ၅ မှု၊ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အမှုတွေ ဒီနေ့ အယူခံတင်ခဲ့တယ်လို့ တရားရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
နောက်ထပ် အယူခံထပ်တင်မယ့်အမှုတွေလည်း ရှိသေးသလို အရင်တင်ထားတဲ့ အယူခံအမှုတွေနဲ့ ပတ်သက်လို့လည်း မနက်ဖြန် ဖေဖော်ဝါရီ ၁၅ ရက်မှာ နှစ်ဖက် ကြားနာမယ်လို့လည်း သိရပါတယ်။
“မနက်ဖြန်မှာ အရင်အယူခံတင်ထားတဲ့အမှု ၁၀ မှုလားမသိဘူး ရှိတယ်။ ဦးမောင်ဝိတ်နဲ့ ပတ်သက်တဲ့အမှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အမှုတွေ၊ အဲဒါတွေကို နှစ်ဖက်ကြားနာမယ်” လို့ အဆိုပါ နီးစပ်သူက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဥပဒေရေးရာဌာနကလည်း လရောင်တောစီမံကိန်းနဲ့ ပတ်သက်တဲ့ အမှုတွေက ပစ္စည်းတွေကို ပြည်သူပိုင်သိမ်းဆည်းဖို့ ပြင်ဆင်ချက် တင်ထားတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုစုစုပေါင်း ၁၉ မှုနဲ့ တရားစွဲဆိုခဲ့ပြီး စုစုပေါင်း ထောင်ဒဏ် ၃၃ နှစ် အမိန့်ချပြီးဖြစ်ပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေအပေါ် စွဲဆိုထားတဲ့ အမှုအသီးသီးအတွက် အမိန့်ချကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ရှိ သီးသန့်အဆောက်အဦမှာ ဆက်ထားသလို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ တောင်ငူထောင် ပို့လိုက်တယ်လို့ သိရပါတယ်။
ပီရူးသမ္မတ ဒီနာဘိုလူအာတာဟာ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေသူတွေရဲ့ တောင်းဆိုချက်အရ ရွေးကောက်ပွဲတွေကို ရက်ရှေ့တိုး ကျင်းပပေးဖို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ပီရူးနိုင်ငံရဲ့ ဒီမိုကရေစီဟာ လက်တင်အမေရိကဒေသမှာ အပျက်အစီးဆုံးဖြစ်တယ်လို့လည်း ပြောကြားလိုက်ပြီး ပီရူးနိုင်ငံသားတွေဟာ ပီရူးမှာ ဒီမိုကရေစီကို ပြန်အားကောင်းအောင် လုပ်ရမယ်လို့လည်း အစိုးရသက်တမ်း ၂ လအတွက် ရုပ်သံမိန့်ခွန်းမှာ သမ္မတဘိုလူအာတာက ပြောဆိုပါတယ်။
လက်ဝဲဝါဒီသမ္မတ ပေဒရို ကက်စ်တီလိုကို ဒီဇင်ဘာ ၇ ရက်က ရာထူးမှ ဖယ်ရှားခဲ့ရာကနေ လူ ၄၈ ဦး သေဆုံးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ပီရူးနိုင်ငံမှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာအခုနှစ်အတွင်း ရွေးကောက်ပွဲတွေကို အချိန်စောပြီး ကျင်းပပေးဖို့ ရှိ၊မရှိနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲနေကြတုန်း ဖြစ်ပါတယ်။
ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက်မှာ ကက်စ်တီလိုကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ကနေ ပိုကျယ်ပြန့်တဲ့ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲ သွားပါတယ်။
နိုင်ငံတဝှမ်း အတားအဆီးတွေ ပိတ်ဆို့ထားတဲ့ ဆန္ဒပြသူတွေဟာ အခုတော့ သမ္မတ ဘိုလွာတေး ရာထူးမှ နုတ်ထွက်ရေး၊ ရွေးကောက်ပွဲ စောစောကျင်းပရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို တောင်းဆိုနေကြတာပါ။
ပီရူးရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ရာ မာချူးပီချူး ရှေးဟောင်းသုတေသနနေရာကို ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်ဖွင့်လှစ်နိုင်ဖို့ လုပ်ဆောင်နေကြောင်းလည်း သမ္မတက အသိပေး ထားပါတယ်။