သရုပ်ဆောင်ရဲတိုက်ကို လသာရဲစခန်းက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) အမှုအတွက် တရားလို ဒုရဲမှူးအေးလွင်တင်သွင်းတဲ့ ဗွီဒီယိုဖိုင်ပါ စီဒီချပ်ကို သက်သေအဖြစ်လက်ခံကြောင်း ဇွန်လ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားရုံးက ကြားဖြတ်အမိန့်ချလိုက်တယ်လို့ ရဲတိုက်ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
ဇွန် ၁၅ ရက်နေ့ရုံးချိန်းမှာ ရဲတိုက်ရဲ့ရှေ့နေက တရားလိုတင်သွင်းတဲ့ ဗွီဒီယိုဟာ ရဲတိုက်ရဲ့ဖုန်းထဲက မဟုတ်သလို မူရင်းမတင်ပြနိုင်တဲ့အတွက် ဥပဒေနဲ့မညီဘူးလို့ ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက အမှုမှန်ကန်မျှတအောင်စစ်ဆေးနိုင်ရေး အကြောင်းပြချက်နဲ့ လက်ခံလိုက်တာဖြစ်ပါတယ်။
"တရားရုံးက ဒါသည် မူရင်းကိုတော့ သက်သေခံတင်ပြနိုင်ခြင်းမရှိဘူး။ သို့သော် ဒီအမှုကိုစစ်ဆေးတဲ့အခါမှာ မျှတမှန်ကန်မှုရှိဖို့ ဒီဗွီဒီယိုပါတဲ့ စီဒီချပ်ကို သက်သေခံအဖြစ်လက်ခံတယ်။ သို့ပေမယ့် စီဒီချပ်မှာပါတဲ့ အသံတွေကို စာသားနဲ့ပြန်ရေးပြီး တိုက်ဆိုင်စစ်ဆေးပြီးမှ သက်သေအဖြစ်လက်ခံမယ်လို့ အမိန့်တစ်ရပ်ချလိုက်ပါတယ်" လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။
သရုပ်ဆောင်ရဲတိုက်ကို မရမ်းကုန်းရဲစခန်းက စွဲဆိုထားတဲ့ မူးယစ်ပုဒ်မ ၁၆(ဂ) အမှုအတွက် ဇွန် ၁၇ ရက်နေ့ ရုံးချိန်းတုန်းက တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ တရားလိုရဲစခန်းက စိတ်ကြွဆေးပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေကို ရဲတိုက်ဆီက ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ရဲတွေဘက်က မှတ်တမ်းမှတ်ရာ အထောက်အထားမပြနိုင်ဘဲ စွပ်စွဲတာလို့ ရှေ့နေက ဆိုပါတယ်။
"မှတ်တမ်းမှတ်ရာ အထောက်အထားမရှိဘဲ ရဲဘက်ကနေ စွပ်စွဲထားတဲ့ ပြောက်ကျား လွယ်အိတ်ကလေးထဲက တွေ့တယ်ဆိုတာကို အဓိကထားပြီး ချေဖျက်ထားတဲ့အဆင့်ပဲရှိပါသေးတယ်။ လိုပြသက်သေတွေကို စုံအောင်မစစ်ရသေးတဲ့အတွက် မှတ်ချက်ပေးလို့ မရသေးပါဘူး။"
သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင် သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ ရဲတိုက်ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး လသာမှာစွဲထားတဲ့ ၅၀၅(က)အမှုအတွက် ဇွန်လ ၂၉ရက်နေ့ မှာရုံးချိန်းပြန်ခေါပြီး မရမ်းကုန်းမှာစွဲထားတဲ့မူးယစ်အမှုအတွက် ဇူလိုင် ၁ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပါတယ်။
ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲခံထားရတဲ့ သရုပ်ဆောင်ရဲတိုက်အမှုမှာ တရားလို ဒုရဲမှူးက ဥပဒေနဲ့မညီတဲ့သက်သေတင်သွင်းခဲ့တဲ့အတွက် ရဲတိုက်ရဲ့ရှေ့နေက ကန့်ကွက်ခဲ့ပါတယ်။
သရုပ်ဆောင်ရဲတိုက်အမှုအတွက် တရားလို လသာရဲစခန်းမှူး ဒုရဲမှူး အေးလွင်ကို အင်းစိန်ထောင်တွင်းတရားရုံးမှာ ဇွန်လ ၁၅ ရက် ဒီကနေ့ ဆက်လက်စစ်ဆေးခဲ့ပြီး တရားလိုက ဥပဒေနဲ့မညီတဲ့ သက်သေစီဒီတစ်ချပ်တင်သွင်းခဲ့တယ်လို့ ရဲတိုက်ရဲ့ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
ဥပဒေနဲ့မညီတဲ့ သက်သေစီဒီတင်သွင်းတာကို ရဲတိုက်ရဲ့ရှေ့နေက ကန့်ကွက်ထားပြီး ဇွန်လ ၁၅ ရက်နေ့ရုံးချိန်းမှာ နှစ်ဖက် လျှောက်လဲချက်ပေးခဲ့ပါတယ်။ တရားလိုတင်သွင်းတဲ့ စီဒီချပ်ကို သက်သေခံအဖြစ် တရားရုံးက လက်သင့်ခံမခံဆိုတာကို ဇွန်လ ၂၂ရက်နေ့ရုံးချိန်းမှာ ကြားဖြတ်အမိန့်ချဖို့ ရှိပါတယ်။
"ကန့်ကွက်တယ်ဆိုတာက သက်သေခံဥပဒေအရ တင်တဲ့စီဒီချပ်သည် ဒုတိယအဆင့်တင်တဲ့ သက်သေခံချက်ဖြစ်တယ်။ အဲ့ဒါက မူရင်းနဲ့တိုက်ဆိုင်စစ်ဆေးပြီးမှ သက်သေအဖြစ်လက်ခံလို့ရတယ်။ အဲ့လိုတင်သွင်းနိုင်ဖို့က ကိုရဲတိုက်ရဲ့ဖုန်းကို သိမ်းဆည်းခဲ့ရမယ်။ အဲ့ဖုန်းထဲမှာလည်း စီဒီကနေကူးယူထားတဲ့အကြောင်းအရာတွေရှိရမယ်။ အဲ့ဒါကို ရုံးမှာ ဖွင့်ကြည့် တိုက်ဆိုင်စစ်ဆေးပြီးတဲ့အခါ ကြမှဘဲ ဒုတိယအဆင့်သက်သေခံချက်အဖြစ် လက်ခံလို့ရတယ်လို့ ဥပဒေက ပြဋ္ဌာန်းထားတယ်။ အခုက ကိုရဲတိုက်ရဲ့ဖုန်းကိုလည်းသိမ်းမထားဘူး။ သိမ်းမထားတဲ့အတွက် ဖုန်းထဲကအကြောင်းအရာကို စီဒီထဲ ကူးယူစရာအကြောင်းလည်းမရှိဘူး။ သူတို့ပြောတဲ့အကြောင်းအရာကို ကိုရဲတိုက်က ဖေ့စ်ဘွတ်ခ်ပေါ်တင်ထားတာလည်း မရှိဘူး။ ပြောမယ်ဆိုရင်ကိုရဲတိုက်က ဖေ့စ်ဘွတ်ခ်မသုံးဘူး။ ဒါကြောင့် ကျနော်တို့ ကန့်ကွက်ထားတယ်။ ဥပဒေနဲ့မညီလို့ ကန့်ကွက်တာပါ" လို့ ဥပဒေအကြံပေးဦးခင်မောင်မြင့်ကပြောပါတယ်။
သရုပ်ဆောင်ရဲတိုက်ကို လသာမြို့မရဲစခန်းက ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆိုပြီး မရမ်းကုန်းမြို့မရဲစခန်းက မူးယစ်ပုဒ်မ ၁၆(ဂ) နဲ့တရားစွဲဆိုထားတာပါ။
သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင် သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ ရဲတိုက်ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး လသာမှာစွဲထားတဲ့ ၅၀၅(က)အမှုအတွက် ဇွန်လ ၂၂ရက်နေ့ မှာရုံးချိန်းပြန်ခေါ်ပြီး မရမ်းကုန်းမှာစွဲထားတဲ့ မူးယစ်အမှုအတွက် ဇွန်လ ၁၇ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပါတယ်။