close

သရုပ်ဆောင်ရဲတိုက်အမှု တရားလိုသွင်းသည့် သက်သေကို ဥပဒေနှင့်မညီပေမယ့် တရားရုံးလက်ခံ

သရုပ်ဆောင်ရဲတိုက်ကို လသာရဲစခန်းက စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅(က) အမှုအတွက် တရားလို ဒုရဲမှူးအေးလွင်တင်သွင်းတဲ့ ဗွီဒီယိုဖိုင်ပါ စီဒီချပ်ကို သက်သေအဖြစ်လက်ခံကြောင်း ဇွန်လ ၂၂ ရက်နေ့ရုံးချိန်းမှာ တရားရုံးက ကြားဖြတ်အမိန့်ချလိုက်တယ်လို့ ရဲတိုက်ရဲ့ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

ဇွန် ၁၅ ရက်နေ့ရုံးချိန်းမှာ ရဲတိုက်ရဲ့ရှေ့နေက တရားလိုတင်သွင်းတဲ့ ဗွီဒီယိုဟာ ရဲတိုက်ရဲ့ဖုန်းထဲက မဟုတ်သလို မူရင်းမတင်ပြနိုင်တဲ့အတွက် ဥပဒေနဲ့မညီဘူးလို့ ကန့်ကွက်ခဲ့ပေမယ့် တရားရုံးက အမှုမှန်ကန်မျှတအောင်စစ်ဆေးနိုင်ရေး အကြောင်းပြချက်နဲ့ လက်ခံလိုက်တာဖြစ်ပါတယ်။

"တရားရုံးက ဒါသည် မူရင်းကိုတော့ သက်သေခံတင်ပြနိုင်ခြင်းမရှိဘူး။ သို့သော် ဒီအမှုကိုစစ်ဆေးတဲ့အခါမှာ မျှတမှန်ကန်မှုရှိဖို့ ဒီဗွီဒီယိုပါတဲ့ စီဒီချပ်ကို သက်သေခံအဖြစ်လက်ခံတယ်။ သို့ပေမယ့် စီဒီချပ်မှာပါတဲ့ အသံတွေကို စာသားနဲ့ပြန်ရေးပြီး တိုက်ဆိုင်စစ်ဆေးပြီးမှ သက်သေအဖြစ်လက်ခံမယ်လို့ အမိန့်တစ်ရပ်ချလိုက်ပါတယ်" လို့ ရှေ့နေ ဦးခင်မောင်မြင့်က ပြောပါတယ်။

သရုပ်ဆောင်ရဲတိုက်ကို မရမ်းကုန်းရဲစခန်းက စွဲဆိုထားတဲ့ မူးယစ်ပုဒ်မ ၁၆(ဂ) အမှုအတွက် ဇွန် ၁၇ ရက်နေ့ ရုံးချိန်းတုန်းက တရားလိုပြသက်သေတွေကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။ တရားလိုရဲစခန်းက စိတ်ကြွဆေးပြား ၁၁ ပြားနဲ့ ဆက်စပ်ပစ္စည်းတွေကို ရဲတိုက်ဆီက ရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ ရဲတွေဘက်က မှတ်တမ်းမှတ်ရာ အထောက်အထားမပြနိုင်ဘဲ စွပ်စွဲတာလို့  ရှေ့နေက ဆိုပါတယ်။

"မှတ်တမ်းမှတ်ရာ အထောက်အထားမရှိဘဲ ရဲဘက်ကနေ စွပ်စွဲထားတဲ့ ပြောက်ကျား လွယ်အိတ်ကလေးထဲက တွေ့တယ်ဆိုတာကို အဓိကထားပြီး ချေဖျက်ထားတဲ့အဆင့်ပဲရှိပါသေးတယ်။ လိုပြသက်သေတွေကို စုံအောင်မစစ်ရသေးတဲ့အတွက် မှတ်ချက်ပေးလို့ မရသေးပါဘူး။" 

သရုပ်ဆောင်ရဲတိုက်ကို အင်းစိန်ထောင် သီးသန့်ဆောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။ ရဲတိုက်ကို အင်းစိန်ထောင်တွင်းအထူးတရားရုံးမှာ စစ်ဆေးနေတာဖြစ်ပြီး လသာမှာစွဲထားတဲ့ ၅၀၅(က)အမှုအတွက် ဇွန်လ ၂၉ရက်နေ့ မှာရုံးချိန်းပြန်ခေါပြီး မရမ်းကုန်းမှာစွဲထားတဲ့မူးယစ်အမှုအတွက် ဇူလိုင် ၁ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up