ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ဟိုတုံကျေးရွာထဲကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာသား ၁ ဦးသေဆုံး ၁၂ ဦး ဒဏ်ရာရကာ နေအိမ်နဲ့ မော်တော်ကားတွေပါ ပျက်စီးသွားတယ်လို့ ကိုးကန့်ပြန်ကြားရေးက ပြောပါတယ်။
ဧပြီ ၂၆ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံး ၂ ကြိမ် လာကြဲခဲ့ကြောင်း၊ အဆိုပါဗုံးသီးဟာ နေအိမ် ၂ လုံးရဲ့ဘေး ၂ မီတာအကွာအဝေးမှာ လာကျတဲ့အတွက် နေအိမ်ရော ရပ်ထားတဲ့မော်တော်ကားပါ ပျက်စီးခဲ့ကာ အိမ်ထဲက လူ ၁၃ ယောက် ထိခိုက်ဒဏ်ရာရပြီး MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေက ဆေးကုသဖို့ ခေါ်ဆောင်သွားစဉ် လမ်းမှာ ၁ ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ဘာကြောင့် ခုလိုလာပစ်တယ်ဆိုတာ မသိရကြောင်း ၊ ဒီမတိုင်ခင်ရှေ့ကတော့ ကိုးကန့်တပ်ဖွဲ့က ကျေးရွာဖွံ့ဖြိုးရေးအတွက် ရွာသားတွေခေါ်ပြီး အစည်အဝေးလုပ်ခဲ့ကြောင်း သူတို့က ကိုးကန့်တပ်ဖွဲ့ဝင်တွေ အဲဒီနယ်မြေမှာ လာလှုပ်ရှားတယ် ထင်ပြီး ပစ်ခတ်တာလို့ ယူဆရကြောင်း ကိုးကန့်ပြန်ကြားရေးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သိန္နီဒေသခံတစ်ဦးကတော့ အဲဒီရွာတွေဟာ သိန္နီနဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ ကွမ်းလုံအထက် သံလွင်မြစ်အစပ်မှာဖြစ်လို့ သတင်းမှန်သိရဖို့ ခက်ခဲကြောင်းနဲ့ နမ့်ခိုက်ရွာသားတွေ ပြောပြတာကတော့ ၂၆ ရက်ည ၁၀ နာရီခွဲနဲ့ ၁၁ နာရီဝန်းကျင်မှာ စစ်တပ်ကလေယာဉ်နဲ့ လာပစ်လို့ ကိုးကန့်တပ်ဖွဲ့ဝင် ၅ ဦးကျပြီး ၃ ဦး ဒဏ်ရာရသွားကြောင်းနဲ့ ရွာသားတချို့လည်း ထိမှန်ဒဏ်ရာရကြောင်း ပြောပါတယ်။
အဆိုပါဟိုတုံကျေးရွာဟာ နမ့်ခိုက်ရွာအထက်ဘက်မှာရှိပြီး အရင်တုန်းက ကချင် KDA ကောင်းခါးပြည်သူ့စစ်တွေ စခန်းချတဲ့နေရာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ လကျော်က TNLA ပလောင်တပ်နဲ့တိုက်ပွဲဖြစ်ပြီး KDA တွေက ကောင်းခါးရွာဘက် ဆုတ်ခွာသွားပြီးနောက် ကိုးကန့်တပ်တွေ လာနေကြပြီး အဲဒီဒေသမှာတော့ ရှမ်း၊ ပလောင်၊ ကိုးကန့် ၊ ကချင် စတဲ့တိုင်းရင်းသားတွေ ရောနှောနေထိုင်ကြပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၄ ရက် ညက ယာဉ်တိုက်မှုဖြစ်ပြီး ကား ၁ စီး မီးလောင်ကာ သေဆုံးသူ ၁ ဦး ဒဏ်ရာရသူ ၂ ဦးရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရပါတယ်။
မနေ့ ည ၈ နာရီ မိနစ် ၂၀ က သိန္နီမြို့နယ် နမ့်စလပ်ကျေးရွာအုပ်စုအပိုင်းရှိ သိန္နီ- ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် ၁၆/၇ နားမှာ ယာဉ်တိုက်မှုဖြစ်တဲ့ သတင်းရ ရှိတာကြောင့် မီးသတ်လုပ်ငန်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ဆောင်ရာမှာ ည ၉ နာရီ ၁၀ မိနစ်မှာ ပြီးဆုံးသွားတယ်လို့ မီးသတ်ဦးစီး သတင်းမှာ ထုတ်ပြန်ပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရကာ သိန္နီဆေးရုံကြီးကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ယာဉ်တိုက်မှုနဲ့ မီးလောင်မှုနဲ့ပတ်သက်တဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေ သိရဖို့ သိန္နီမြို့နယ်မီးသတ်ဌာနကို ဆက်သွယ် မေးမြန်းထားဆဲ ဖြစ်ပါတယ်။