close

သိန္နီမြို့နယ်တွင် စစ်တပ်က လေယာဉ်ဖြင့်ဗုံးကြဲ၊ ရွာသား ၁ ဦးသေဆုံး ၁၂ ဦးဒဏ်ရာရ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ ဟိုတုံကျေးရွာထဲကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာသား ၁ ဦးသေဆုံး ၁၂ ဦး ဒဏ်ရာရကာ နေအိမ်နဲ့ မော်တော်ကားတွေပါ ပျက်စီးသွားတယ်လို့ ကိုးကန့်ပြန်ကြားရေးက ပြောပါတယ်။

ဧပြီ ၂၆ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံး ၂ ကြိမ်လာကြဲခဲ့ကြောင်း၊ အဆိုပါဗုံးသီးဟာ နေအိမ် ၂ လုံးရဲ့ဘေး ၂ မီတာအကွာအဝေးမှာ လာကျတဲ့အတွက် နေအိမ်ရော ရပ်ထားတဲ့မော်တော်ကားပါ ပျက်စီးခဲ့ကာ အိမ်ထဲက လူ ၁၃ ယောက်ထိခိုက်ဒဏ်ရာရပြီး MNDAA ကိုးကန့်တပ်ဖွဲ့ဝင်တွေက ဆေးကုသဖို့ ခေါ်ဆောင်သွားစဉ် လမ်းမှာ ၁ ဦးသေဆုံးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ဘာကြောင့်ခုလိုလာပစ်တယ်ဆိုတာမသိရကြောင်း ၊ ဒီမတိုင်ခင်ရှေ့ ကတော့ ကိုးကန့်တပ်ဖွဲ့က  ကျေးရွာဖွံ့ဖြိုးရေးအတွက် ရွာသားတွေခေါ်ပြီးအစည်အဝေးလုပ်ခဲ့ကြောင်း သူတို့က ကိုးကန့်တပ်ဖွဲ့ဝင်တွေ အဲဒီနယ်မြေမှာ လာလှုပ်ရှားတယ်ထင်ပြီး ပစ်ခတ်တာလို့ ယူဆရကြောင်း ကိုးကန့်ပြန်ကြားရေးက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သိန္နီဒေသခံတစ်ဦးကတော့ အဲဒီရွာတွေဟာ သိန္နီနဲ့ ၁၀ မိုင်ကျော်ဝေးတဲ့ ကွမ်းလုံအထက် သံလွင်မြစ်အစပ်မှာဖြစ်လို့ သတင်းမှန်သိရဖို့ခက်ခဲကြောင်းနဲ့ နမ့်ခိုက်ရွာသားတွေ ပြောပြတာကတော့ ၂၆ ရက်ည ၁၀ နာရီခွဲနဲ့ ၁၁ နာရီဝန်းကျင်မှာ စစ်တပ်ကလေယာဉ်နဲ့ လာပစ်လို့ ကိုးကန့်တပ်ဖွဲ့ဝင် ၅ ဦးကျပြီး ၃ ဦး ဒဏ်ရာရသွားကြောင်းနဲ့ ရွာသားတချို့လည်းထိမှန် ဒဏ်ရာရကြောင်းပြောပါတယ်။

အဆိုပါဟိုတုံကျေးရွာဟာ နမ့်ခိုက်ရွာအထက်ဘက်မှာရှိပြီး အရင်တုန်းက ကချင် KDA ကောင်းခါးပြည်သူ့စစ်တွေ စခန်းချတဲ့နေရာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂ လကျော်က TNLA ပလောင်တပ်နဲ့တိုက်ပွဲဖြစ်ပြီး KDA တွေက ကောင်းခါးရွာဘက် ဆုတ်ခွါသွားပြီးနောက် ကိုးကန့်တပ်တွေ လာနေကြပြီး အဲဒီဒေသမှာတော့ ရှမ်း၊ ပလောင်၊ ကိုးကန့် ၊ ကချင်စတဲ့တိုင်းရင်းသားတွေ ရောနှောနေထိုင်ကြပါတယ်။

Up