မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးလွင်နဲ့ ဇနီးဖြစ်သူတို့ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
စက်တင်ဘာ ၂၅ ရက် မနေ့မွန်းလွဲ ၃ နာရီလောက်မှာ သိမ်ဇရပ်မြို့၊ အမှတ် (၂) ရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးလွင် နေအိမ်ကို အမည်မသိ သေနတ်သမား ၄ ယောက် ပရိုဘောက်ကားနဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းမှာ သေနတ်ဒဏ်ရာ ၄ ချက် ရရှိပြီး အခင်းအဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။
ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးလွင်ကတော့ ညာဘက်ပုခုံးရှပ်ထိဒဏ်ရာ တချက်၊ ဦးခေါင်းရှပ်ထိဒဏ်ရာ တချက်ရရှိပြီး သိမ်ဇရပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားသလို အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။
“သူတို့ လင်မယား နှစ်ယောက်က စစ်တပ် သတင်းပေးတွေပါ။ သူ့ယောင်္ကျားက သေနတ်တကားကားနဲ့ အမြဲလိုတွေ့နေတာ။ ဆန္ဒပြတုန်းကလည်း သူတို့ပဲ သတင်းပေးလို့ ဖမ်းခံရတဲ့သူတွေ အများကြီးရှိတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒေသခံတွေအဆိုအရ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဦးအေးလွင်ဟာ ဗေဒင်ဆရာ တယောက်ဖြစ်သလို ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်လာတယ်လို့ သိရပါတယ်။
သိမ်ဇရပ်မြို့မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ သတင်းပေး ဒလန်တွေနဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို ပစ်သတ်ခံထားရပါတယ်။
မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာ (ဓမ္မဒူတဘုရားအနီး) က Mytel တာဝါတိုင် အောက်တိုဘာ ၄ ရက်နေ့ ည ၇ နာရီအချိန်လောက် ဖောက်ခွဲဖျက်ဆီးခံလိုက်ရပါတယ်။
အဲဒီ Mytel တာဝါတိုင် ဖောက်ခွဲဖျက်ဆီးတာ သူတို့ လက်ချက်ဖြစ်တယ်လို့ သိမ်ဇရပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က ထုတ်ပြန်ပါတယ်။
တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် တာဝါတိုင် ပြိုကျပျက်စီးတာ မရှိပေမယ့် မီးစက်အပါအဝင် ဆက်သွယ်ရေး စက်ပစ္စည်းတွေအားလုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
တာဝါတိုင် ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိမ်ဇရပ် PDF အဖွဲ့က ပြည်သူတွေ မျှော်လင့်နေတဲ့ စစ်အာဏာရှင် စနစ် မပျက်သုဉ်းမချင်း အသက်နဲ့ ခန္ဓာကိုယ် ပေးဆပ်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ဒီနေ့အချိန်ထိ Mytel တာဝါတိုင် ၈ တိုင် ဖောက်ခွဲဖျက်ဆီးခံထားရပါတယ်။