close

သိမ်ဇရပ်တွင် ပြည်သူ့စစ်ခေါင်းဆောင်နှင့်ဇနီးတို့ ပစ်ခတ်ခံရပြီး ဇနီး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးလွင်နဲ့ ဇနီးဖြစ်သူတို့ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်း သေဆုံးသွားတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ 

စက်တင်ဘာ ၂၅ ရက် မနေ့မွန်းလွဲ ၃ နာရီလောက်မှာ သိမ်ဇရပ်မြို့၊ အမှတ် (၂) ရပ်ကွက်နေ ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးလွင် နေအိမ်ကို အမည်မသိ သေနတ်သမား ၄ ယောက် ပရိုဘောက်ကားနဲ့ လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။ 

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းမှာ သေနတ်ဒဏ်ရာ ၄ ချက် ရရှိပြီး အခင်းအဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ 

ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးလွင်ကတော့ ညာဘက်ပုခုံးရှပ်ထိဒဏ်ရာ တချက်၊ ဦးခေါင်းရှပ်ထိဒဏ်ရာ တချက်ရရှိပြီး သိမ်ဇရပ်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားသလို အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။ 

“သူတို့ လင်မယား နှစ်ယောက်က စစ်တပ် သတင်းပေးတွေပါ။ သူ့ယောင်္ကျားက သေနတ်တကားကားနဲ့ အမြဲလိုတွေ့နေတာ။ ဆန္ဒပြတုန်းကလည်း သူတို့ပဲ သတင်းပေးလို့ ဖမ်းခံရတဲ့သူတွေ အများကြီးရှိတယ်”လို့ ဒေသခံ တယောက်က ပြောပါတယ်။ 

ဒေသခံတွေအဆိုအရ သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဦးအေးလွင်ဟာ ဗေဒင်ဆရာ တယောက်ဖြစ်သလို ပြည်ခိုင်ဖြိုးပါတီဝင်ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်လာတယ်လို့ သိရပါတယ်။ 

သိမ်ဇရပ်မြို့မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ သတင်းပေး ဒလန်တွေနဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေ မကြာခဏဆိုသလို ပစ်သတ်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up