သီရိလင်္ကာနိုင်ငံမှာ လူပေါင်း ၂၆၀ ကျော် သေဆုံးခဲ့ရတဲ့ ၂၀၁၉ ခုနှစ် အီစတာနေ့ ဗုံးခွဲမှုတွေအတွက် လျော်ကြေးငွေပေးဖို့ သမ္မတဟောင်းနဲ့ တာဝန်ရှိသူ လေးဦးအပေါ် အမိန့်ချမှတ်ခဲ့တဲ့ တရားရုံးချုပ်ရဲ့ စီရင်ချက်ကို ကက်သလစ်ဘုရားကျောင်းက ကြိုဆိုလိုက်ပါတယ်။
တရားစွဲဆိုတဲ့အထဲမှာ အသင်းတော်ကိုယ်တိုင် မပါဝင်ခဲ့ပေမယ့် သမ္မတဟောင်း မိုင်သရီပါလာ ဆိုင်ရီဆီနာနဲ့ သူ့ရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိတွေအပေါ် စွဲဆိုထားတဲ့အမှုကို အရှိန်မြှင့်သွားဖို့ မျှော်လင့်ကြောင်း ကာဒီနယ် ဘုန်းတော်ကြီး မဲလ်ကွန်ရန်ဂျစ်သ်က သတင်းထောက်တွေကို ပြောပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့ ၇ ဆက်မြောက်သမ္မတ ဆိုင်ရီဆီနာ၊ သူ့ရဲ့ရဲချုပ် အပြင် အကြီးတန်း ထောက်လှမ်းရေးအရာရှိ ၂ ဦးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ၁ ဦးတို့ကို သူတို့ရဲ့ကိုယ်ပိုင်ရန်ပုံငွေကနေ စုစုပေါင်း ရူပီး သန်း ၃၁၀ (ဒေါ်လာ ၈ သိန်းခွဲလောက်) ကို ဗုံးခွဲမှုကြောင့် သေဆုံးသွားရသူတွေရဲ့ မိသားစုတွေကို နစ်နာကြေး လျော်ကြေးအဖြစ် တရားရုံး ရှေ့မှောက်မှာ ပေးဆောင်ဖို့ ဇန်နဝါရီ ၁၂ ရက်မှာ တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
သမ္မတဟောင်းနဲ့ သူ့ရဲ့တာဝန်ရှိသူတွေဟာ သီရိလင်္ကာရဲ့ သမိုင်းမှာ အဆိုးရွားဆုံးသော တိုက်ခိုက်မှု တွေကို တားဆီးဖို့ ပျက်ကွက်ခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့ပါတယ်။
နိုင်ငံဆင်းရဲမွဲတေအောင် စီမံခန့်ခွဲခဲ့လို့ ပြည်သူတရပ်လုံးရဲ့ ဆန္ဒပြမှုခံရပြီး တိုင်းပြည်ကနေ ထွက်ပြေးခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံသမ္မတဟောင်း ဂိုတာဘာယ ရာဂျာပက်ဆာဟာ ဩဂုတ် ၁၁ ရက် ညက ထိုင်းနိုင်ငံကို ရောက်လာခဲ့ပါတယ်။
သမ္မတဟောင်းဟာ စင်ကာပူနိုင်ငံကနေ စင်းလုံးငှားလေယာဉ်နဲ့ ဘန်ကောက် ဒွန်းမောင်း လေဆိပ်ကို ရောက်ရှိလာတယ်လို့ သည်နေရှင်းထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
သီရိလင်္ကာသမ္မတဟောင်းဟာ ထိုင်းနိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းဆိုတာမဟုတ်ဘဲ ယာယီ နေထိုင်ဖို့ သံတမန်နိုင်ငံကူးလက်မှတ်နဲ့ ဝင်ရောက်လာတာလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်းဒွန်းပရမတ် ဝိနိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
သံတမန်နိုင်ငံကူးလက်မှတ်အရ ရက်ပေါင်း ၉၀ နေထိုင်ခွင့်ရှိပြီး သီရိလင်္ကာသံရုံးမှာဖြစ်စေ၊ ဟိုတယ်မှာဖြစ်စေ၊ လုံးချင်းအိမ်ဖြစ်စေ နှစ်သက်ရာနေရာမှာ တည်းခိုခွင့်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
သီရိလင်္ကာသမ္မတဟောင်းကို လက်ခံတာဟာ ထိုင်းနိုင်ငံအတွက် ပြဿနာဖြစ်နိုင်ပါသလား၊ ထိုင်းကကော လက်မခံနိုင်ဘူးလို့ ငြင်းဆိုခွင့်ရှိပါသလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ တော့ နိုင်ငံခြားရေးဒုဝန်ကြီးက သူဟာ လက်ရှိဝန်ကြီးချုပ်က ထုတ်ပေးတဲ့ သံတမန်ပတ်စပို့နဲ့ လာတာကြောင့် ပြဿနာမရှိကြောင်း၊ ပြဿနာရှိနိုင်တာကတော့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ သီရိလင်္ကာနိုင်ငံသားတွေပဲ ဖြစ်ကြောင်း၊ ဒါပေမဲ့ တိုတောင်းတဲ့ ကာလတွင်းသာနေထိုင်မှာမို့ စိုးရိမ်စရာ မရှိကြောင်း၊ ထိုင်းနိုင်ငံဟာ နိုင်ငံ့ပိုင်ရှင်ဖြစ်တဲ့အတွက် လက်မခံချင်ရင်လည်း ငြင်းဆိုလို့ ရပေမဲ့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လက်ခံခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုးချာကလည်း လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဝင်ရောက်ခွင့်ပြုတာဖြစ်ပြီး သီရိလင်္ကသမ္မတနဲ့တော့ သွားရောက်တွေ့ဆုံတာ၊ တစုံတရာ ဆွေးနွေးတာတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။
သီရိလင်္ကာသမ္မတဟာ ပြည်သူတရပ်လုံးရဲ့ အုံကြွဆန္ဒပြမှုခံရပြီးတဲ့နောက် ဒီနှစ် ဇူလိုင်လက မိသားစုနဲ့အတူ နိုင်ငံခြားကို ထွက်ပြေးခဲ့ရပြီး အစပိုင်းမှာ ဘယ်နိုင်ငံ ရောက်နေလဲဆိုတာ မသိပေမဲ့ မကြာခင်မှာပဲ စင်ကာပူနိုင်ငံကနေ သမ္မတအာဏာကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ကြညာခဲ့ ပါတယ်။
စင်ကာပူနိုင်ငံကလည်း ကြာရှည် နိုင်ငံရေး ခိုလှုံခွင့် မပေးတဲ့အတွက် နောက်ထပ်တနိုင်ငံကို သွားရဖို့ ရှာဖွေစောင့်ဆိုင်းနေချိန် ထိုင်းနိုင်ငံမှာ ခေတ္တလာရောက်နားခိုခြင်းဖြစ်တယ်လို့ ထိုင်းပီဘီ အက်စ်သတင်းမှာ ဖော်ပြပါတယ်။