အီစတာနေ့ဗုံးကွဲမှုနှင့်ပတ်သက်၍ လျော်ကြေးပေးရန် သီရိလင်္ကာသမ္မတဟောင်းနှင့် တာဝန်ရှိသူ ၄ ဦးကို တရားရုံး အမိန့်ချ

သီရိလင်္ကာနိုင်ငံမှာ လူပေါင်း ၂၆၀ ကျော် သေဆုံးခဲ့ရတဲ့ ၂၀၁၉ ခုနှစ် အီစတာနေ့ ဗုံးခွဲမှုတွေအတွက် လျော်ကြေးငွေပေးဖို့ သမ္မတဟောင်းနဲ့ တာဝန်ရှိသူ လေးဦးအပေါ် အမိန့်ချမှတ်ခဲ့တဲ့ တရားရုံးချုပ်ရဲ့ စီရင်ချက်ကို ကက်သလစ်ဘုရားကျောင်းက ကြိုဆိုလိုက်ပါတယ်။
တရားစွဲဆိုတဲ့အထဲမှာ အသင်းတော်ကိုယ်တိုင် မပါဝင်ခဲ့ပေမယ့် သမ္မတဟောင်း မိုင်သရီပါလာ ဆိုင်ရီဆီနာနဲ့ သူ့ရဲ့ ထိပ်တန်း လုံခြုံရေး အရာရှိတွေအပေါ် စွဲဆိုထားတဲ့အမှုကို အရှိန်မြှင့်သွားဖို့ မျှော်လင့်ကြောင်း ကာဒီနယ် ဘုန်းတော်ကြီး မဲလ်ကွန်ရန်ဂျစ်သ်က သတင်းထောက်တွေကို ပြောပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့ ၇ ဆက်မြောက်သမ္မတ ဆိုင်ရီဆီနာ၊ သူ့ရဲ့ရဲချုပ် အပြင် အကြီးတန်း ထောက်လှမ်းရေးအရာရှိ ၂ ဦးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ ၁ ဦးတို့ကို သူတို့ရဲ့ကိုယ်ပိုင်ရန်ပုံငွေကနေ စုစုပေါင်း ရူပီး သန်း ၃၁၀ (ဒေါ်လာ ၈ သိန်းခွဲလောက်) ကို ဗုံးခွဲမှုကြောင့် သေဆုံးသွားရသူတွေရဲ့ မိသားစုတွေကို နစ်နာကြေး လျော်ကြေးအဖြစ် တရားရုံး ရှေ့မှောက်မှာ ပေးဆောင်ဖို့ ဇန်နဝါရီ ၁၂ ရက်မှာ တရားရုံးချုပ်က အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။
သမ္မတဟောင်းနဲ့ သူ့ရဲ့တာဝန်ရှိသူတွေဟာ သီရိလင်္ကာရဲ့ သမိုင်းမှာ အဆိုးရွားဆုံးသော တိုက်ခိုက်မှု တွေကို တားဆီးဖို့ ပျက်ကွက်ခဲ့ကြောင်း တရားရုံးက ပြောကြားခဲ့ပါတယ်။