ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းဖို့ စစ်ကောင်စီက စေလွှတ်ထားတဲ့ ဘုန်းကြီး ၊ သီလရှင် အပါအဝင် တရားမဝင် မြန်မာ ၃၈ ဦး ဖမ်းဆီးရမိတယ်လို့ မဒီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။
မဲဆောက်မြို့နယ်အုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အရန်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ဩဂုတ် ၂၉ ရက် ဒီနေ့မှာ မယ်ပအုပ်စု၊ မယ်ပတိုက်ရပ်ကွက်၊ ဟွေ့ကလို့ လမ်းကြားထဲရှိ ၃ ထပ်တိုက် ၁ လုံးကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
အဆိုပါတိုက်အိမ်ဟာ အရင်တုန်းက ကိုဗစ်-၁၉ ကာလ ကွာရန်တင်းစင်တာအဖြစ် အသုံးပြုခဲ့ကြောင်း ၊ ခုနောက်ပိုင်းမှာတော့ မြန်မာတွေကို ငှားရမ်းထားဖြစ်ပါတယ်။
အဆိုပါတိုက်အိမ်ထဲမှာ ဘုန်းကြီး ၊ သီလရှင်အပါအဝင် မြန်မာနိုင်ငံသားတွေ နေထိုင်ကြပြီး ၃၈ ယောက်ဟာ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိတာကြောင့် လိုအပ်သလို အရေးယူဖို့ တာ့ခ်ခရိုင်လဝက ရဲတပ်ဖွဲ့ကို ဆက်လက်ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။
ဘုန်းကြီးနဲ့ သီလရှင်တွေထဲက တချို့ဟာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းဖို့ စစ်ကောင်စီကစေလွှတ်လိုက်တာဖြစ်ကြီး တချို့ကဘန်ကောက်ကို ဆက်သွားဖို့ရှိ နေတယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။
အခုဖမ်းဆီးရမိသူတွေကတချို့ဟာ စစ်ကောင်စီက စေလွှတ်ထားတာ ဟုတ်မဟုတ် ဘယ်လို သိရတယ်ဆိုတာကိုတော့ ထိုင်းသတင်းမှာအသေးစိတ် ရေးသားဖော်ပြထားတာ မရှိသလို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။
မကြာသေးခင်လပိုင်းတွေမှာတော့ စစ်အာဏာရှင်ဆန့်ကျင်သူတွေရဲ့ သတင်းတွေကို စုံစမ်းထောက်လှမ်းဖို့ စစ်ကောင်စီက စေလွှတ်ထားသူတွေ မဲဆောက်မြို့မှာ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေ မြန်မာအသိုက်အဝန်းကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးပါတယ်။
Ref/ Photo- Matichon
ဧရာ၀တီတိုင်း၊ ကျုံပျော်မြို့နယ်မှာ အောက်တိုဘာ ၅ ရက် ညနေပိုင်းက မယ်သီလရှင် ဆရာလေး တပါးကို အာဏာသိမ်းစစ်အုပ်စုဘက်က ကျောင်းတိုက်အတွင်း အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
အင်းရဲတိုက်နယ်၊ အင်းရဲကျေးရွာအတွင်းက ဓမ္မဒီပဘုန်းကြီးကျောင်းတိုက်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနဲ့ စစ်တပ်အမာခံသတင်းပေး သိန်းလွင်(ခ)ကိုလွင်တို့က စစ်အုပ်စုကို ခေါ်လာပြီး ကျောင်းထဲကို ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရတဲ့ မယ်သီလရှင် ဆရာလေးဟာ စည်ပင်ဝန်ထမ်းအဖြစ်ကနေ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း CDM ပြုလုပ်ကာ မယ်သီလရှင်ဝတ်ပြီး ဘုန်းကြီးကျောင်းမှာ သတင်းသုံး နေထိုင်နေတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါမယ်သီလရှင်ဆရာလေးကို ဖမ်းဆီးဖို့အတွက် ကျောင်းတိုက်ဆရာတော်ကို လျှောက်ထားတာမျိုး မရှိဘဲ စိတ်ထင်တိုင်း ဝင်ရောက်အကြမ်းဖက် ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ကျုံပျော်မြို့နယ်မှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ ပြည်သူ ၅၀ ကျော်အထိရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။https://www.facebook.com/photo/?fbid=1197089137442094&set=gm.432425098309158