close

မဲဆောက်တွင် စစ်ကောင်စီ စေလွှတ်ထားသည့် ဘုန်းကြီး ၊ သီလရှင် အပါအဝင် တရားမဝင် မြန်မာ ၃၈ ဦး ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ  တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းဖို့ စစ်ကောင်စီက စေလွှတ်ထားတဲ့  ဘုန်းကြီး ၊ သီလရှင် အပါအဝင် တရားမဝင် မြန်မာ ၃၈ ဦး ဖမ်းဆီးရမိတယ်လို့ မဒီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့နယ်အုပ်ချုပ်ရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အရန်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ဩဂုတ် ၂၉ ရက်  ဒီနေ့မှာ မယ်ပအုပ်စု၊ မယ်ပတိုက်ရပ်ကွက်၊ ဟွေ့ကလို့ လမ်းကြားထဲရှိ ၃ ထပ်တိုက် ၁ လုံးကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ 

အဆိုပါတိုက်အိမ်ဟာ အရင်တုန်းက  ကိုဗစ်-၁၉  ကာလ ကွာရန်တင်းစင်တာအဖြစ် အသုံးပြုခဲ့ကြောင်း ၊ ခုနောက်ပိုင်းမှာတော့ မြန်မာတွေကို ငှားရမ်းထားဖြစ်ပါတယ်။

အဆိုပါတိုက်အိမ်ထဲမှာ ဘုန်းကြီး ၊ သီလရှင်အပါအဝင် မြန်မာနိုင်ငံသားတွေ နေထိုင်ကြပြီး ၃၈ ယောက်ဟာ တရားဝင်နေထိုင်ခွင့် အထောက်အထားမရှိတာကြောင့်  လိုအပ်သလို အရေးယူဖို့ တာ့ခ်ခရိုင်လဝက ရဲတပ်ဖွဲ့ကို ဆက်လက်ပို့ဆောင်လိုက်တယ်လို့ ဆိုပါတယ်။

ဘုန်းကြီးနဲ့ သီလရှင်တွေထဲက တချို့ဟာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းဖို့ စစ်ကောင်စီကစေလွှတ်လိုက်တာဖြစ်ကြီး တချို့ကဘန်ကောက်ကို ဆက်သွားဖို့ရှိ နေတယ်လို့  ထိုင်းသတင်းမှာဖော်ပြပါတယ်။

အခုဖမ်းဆီးရမိသူတွေကတချို့ဟာ စစ်ကောင်စီက စေလွှတ်ထားတာ ဟုတ်မဟုတ် ဘယ်လို သိရတယ်ဆိုတာကိုတော့ ထိုင်းသတင်းမှာအသေးစိတ်  ရေးသားဖော်ပြထားတာ မရှိသလို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။

မကြာသေးခင်လပိုင်းတွေမှာတော့ စစ်အာဏာရှင်ဆန့်ကျင်သူတွေရဲ့ သတင်းတွေကို စုံစမ်းထောက်လှမ်းဖို့  စစ်ကောင်စီက စေလွှတ်ထားသူတွေ မဲဆောက်မြို့မှာ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေ မြန်မာအသိုက်အဝန်းကြားမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးပါတယ်။ 

Ref/ Photo- Matichon

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up