ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ဗိုလ်ချုပ်ရွာမှာ အငြိမ်းစားဗိုလ်မှူးကြီးတဦးကို နိုဝင်ဘာ ၂၄ ရက် ဒီနေ့မနက် ၈ နာရီမှာ အမည်မသိ အမျိုးသားတဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။
သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ၂၃ ရပ်ကွက် ကံ့ကော်မြိုင်လမ်းနဲ့ အင်းကြင်းမြိုင်လမ်းသွယ်မှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ပန်းပင်တွေရေလောင်းနေတုန်း အမည်မသိ အမျိုးသားတဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ရပ်ကွက်နေပြည်သူတဦးက “သေနတ်သံကြားပြီး စစ်ကားတွေ၊ ရဲကားတွေ ဝင်လာမှ မေးကြည့်တော့ ဗိုလ်မှူးကြီးတဦး ပစ်ခံရတာတဲ့။ လူနာတင်ယာဥ်နဲ့ စစ်သားတွေ လာသယ်သွားတယ်။”လို့ ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူမှာ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်က အငြိမ်းစားယူထားတဲ့ ဗိုလ်မှူးကြီးဇော်နိုင်ဝင်း ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ရင်ဘတ်ကို ကျည်ထိမှန်သွားတာ၊ အခြေအနေမကောင်းဘူး။ အခု အမှတ် ၂ မင်္ဂလာဒုံ စစ်ဆေးရုံကို ပို့ထားတယ်။”
လက်ရှိအခြေအနေမှာတော့ သင်္ဃန်းကျွန်းနဲ့ သုဝဏ္ဏမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက အိမ်စီးကားတွေအပြင် လိုင်းကားတွေကိုပါ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (က)ရပ်ကွက် ဇေယျာသုခလမ်းထဲက (၃)လွှာ တိုက်ခန်းထဲမှာ မေလ ၂၅ ရက်ဒီကနေ့ အကျဉ်းချုံးကျင်းပတဲ့ မင်္ဂလာဆောင်တစ်ခုကနေ လက်ဖွဲ့ဗုံးပေါက်ပြီး သတို့သမီးနဲ့အတူ နောက်ထပ်အမျိုးသားတစ်ဦး သေဆုံးပြီး အနည်းဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီနေ့ နေ့လယ် ၁ နာရီဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်မှာ သတို့သမီးအပါအဝင် သေဆုံးသူ ၃ ဦးအထိ ရှိနိုင်ကြောင်းလည်း ရပ်ကွက်အတွင်းနေသူတွေက ပြောပါတယ်။ သတို့သားဖြစ်သူ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး MNO ရန်ကုန်အဖွဲ့ဝင် ကိုချစ်မင်းကတော့ ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။
ဗုံးကွဲပြီးနောက် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားရောက်ရှိလာကာ လုံခြုံရေးတင်းကျပ်ပြီး အနီးနားတဝိုက် စစ်ဆေးနေတယ်လို့ အဆိုပါရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
အဆိုပါတိုက်ခန်းမှာ မင်္ဂလာဆောင်လုပ်တာကို ရပ်ကွက်နေပြည်သူတွေအများစုက မသိလိုက်ဘူးလို့ ဆိုပါတယ်။