ရန်ကုန်မြို့မှာ လျှပ်စစ်မီး အချိန်မှန်မရရှိတဲ့အပြင် အပူချိန်မြင့်မားနေလို့ ပြတင်းပေါက်တံခါးတွေ ဖွင့်အိပ်ကြတာကို အခွင့်ကောင်းယူပြီး အထပ်မြင့်အခန်းတွေအထိ ဖုန်း၊ ပိုက်ဆံ စတဲ့ အဖိုးတန်ပစ္စည်းတွေကို ဝင်ရောက်ခိုးယူတာနဲ့ သံပန်းတံခါး တပ်ဆင်ထားတာတွေကိုပါ ဖြုတ်ပြီး ခိုးယူတာတွေ ကြုံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှ ကိုယ်တိုင်ကြုံရသူတဦးက “မေလ ၆ ရက်နေ့ မနက် ၄ နာရီဝန်းကျင်က မီးပျက်နေတဲ့အချိန်မှာ တိုက် နှစ်တိုက်ကြားကနေ ဟိုဘက်နင်း ဒီဘက်နင်း နံရံကို ခြေကန်တက်လာပြီး ၇ လွှာ အပေါ်ဆုံးထပ်ထိကို ဝင်လာတယ်။ သူတို့ဝင်လာတာကို မသိအောင် အိပ်ငွေ့ချနည်းတခုခု သုံးတယ်လို့ ထင်တယ်။ ခေါင်းအုံးအောက်မှာထားတဲ့ ဖုန်း ၃ လုံး ဝင်ခိုးသွားတာ။ ရာသီဥတု ပူတယ်၊ မီးပျက်တယ်ဆိုပြီး ပြတင်းပေါက်တွေ ဖွင့်မအိပ်ကြဖို့” လို့ ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တာမွေမြို့နယ် ၅ လွှာမှာနေတဲ့ တိုက်ခန်းတခုအတွင်းကို တိုက် ၂ ခုကြားက ခြေကန်တက်လာပြီး ဝရန်တာကနေ ဝင်ခိုးမှု ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။
“အိပ်ငွေ့ချတာလားတော့မသိဘူး၊ အဲဒီနေ့က အိပ်ရာထ နောက်ကျသွားတယ်။ လင်မယား နှစ်ယောက်လုံး လုံးဝကို အိပ်ပျော်သွားတာ။ နိုးလာတော့ တအိမ်လုံး ရှုပ်ပွပြီး ပိုက်ဆံအိတ်မှန်သမျှ ပြန့်ကျဲနေတာ၊ ပိုက်ဆံတွေနဲ့ တက်ဘလက် ပါသွားတယ်။”
ကိုယ်တိုင်ကြုံရတဲ့ အမျိုးသမီးနောက်တဦးကလည်း “ဖုန်းကို ခေါင်းအုံးအောက် ထားအိပ်တာတောင် အိမ်ပေါ်အထိ တက်ခိုးသွားတာ၊ မသိလိုက်ဘူး။ အိပ်ငွေ့ချခံလိုက်ရတယ် ထင်တယ်။ ဖုန်းတွေ၊ ပိုက်ဆံတွေ၊ ပါဝါဘန့်တွေ အကုန်ခိုးသွားတယ်” လို့ ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီလက်ထက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေချိန် ရန်ကုန်မြို့ကြီးမှာ ညဘက် မီးပျက်တဲ့အချိန်တွေကို ပစ်မှတ်ထားပြီး အုပ်စုဖွဲ့ ဖောက်ထွင်းမှုတွေ၊ လုယက်မှုတွေ၊ ဓားပြတိုက်မှုတွေ ပေါ်ပေါ်တင်တင် ပြုလုပ်နေကြတာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်တွင်းက ဒုစရိုက်မှုတွေနဲ့ မလုံခြုံမှုတွေကို အရေးယူခြင်းမရှိဘဲ ပြည်သူတွေကြုံရတဲ့ မလုံခြုံမှုတွေကို လျစ်လျူရှုထားတာ ဖြစ်ပါတယ်။
ထိုင်းအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်မှာ အသက် ၁၄ နှစ်ရွယ် ဆယ်ကျော်သက်တယောက် တယ်လီဖုန်းအရောင်းဆိုင်ထဲကို ပစ္စည်းတွေခိုးယူဖို့ဝင်ရောက်လာစဉ် သူ့ရဲ့ ဦးခေါင်းက ဆိုင်အမိုး မျက်နှာကြက်ရှိ ထုပ်တန်းသံတိုင်တွေအကြား ညပ်မိနေလို့ အသက်ဘေးကလွတ်ဖို့ အော်ဟစ်အကူအညီတောင်းခဲ့ရပါတယ်။
နခွန်းရာ့ချ်ဆီမားခရိုင် ဝမ်နမ့်ခယိုမြို့နယ် ဝမ်းမီရပ်ကွက် လေဟာပြင်ဈေးက တယ်လီဖုန်းဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီလောက်က ကယ်ပါ ယူပါ အကူအညီ တောင်းသံ ညည်းတွားသံတွေ ကြားရတဲ့အတွက် အိမ်နီးချင်းက ဆိုင်ရှင်ကို အကြောင်းကြားခဲ့ပါတယ် ။
ဆိုင်ရှင်အမျိုးသမီးက ချက်ချင်းရောက်လာပြီး တံခါးဖွင့်ကြည့်ရာမှာတော့ မျက်နှာကြက် သံတိုင်ကြားမှာ ခေါင်းညပ်ပြီး တွဲလောင်းကျနေတဲ့ လူငယ်တယောက်ကို တွေ့ရကြောင်း၊ သူဟာ ဆိုင်ထဲက ပစ္စည်းတွေခိုးယူဖို့ အိမ်ခေါင်မိုးကိုဖောက်ပြီး ဆင်းလာစဉ် ခန္ဓာကိုယ်က ဆင်းလို့ရပေမဲ့ ဦးခေါင်းက ထုတ်မရ ပြန်တက်လို့လည်းမရဘဲ နာကျင်စွာ ခံစားနေရလို့ အော်ဟစ် အကူအညီတောင်းနေတာလို့ ဆိုင်ရှင်က သတင်းထောက်တွေကို ပြောပါတယ်။
သူခိုးမှာ အသက် ၁၄ နှစ်သားသာရှိပြီး ဆိုင်ရှင်က ဘာလာလုပ်သလဲလို့ မေးရာမှာ သူက ပြေးလွှားဆော့ကစားရင်း ပြုတ်ကျလာကြောင်း၊ ခြေလက်တွေ အလွန်ညောင်းညာနေလို့ ထိုင်ခုံယူပေးဖို့နဲ့ ဦးခေါင်းကို ထုတ်ပေးဖို့ ငိုသံနဲ့တောင်းဆိုနေတယ်လို့ ဆိုပါတယ်။
အဆိုပါလူငယ်ကို ဆိုင်ရှင်က မှတ်လောက်သားလောက်အောင် အချိန်ဆွဲထားပြီးမှ ကယ်ဆယ်ရေး အဖွဲ့ကို ဖုန်းဆက်အကူအညီတောင်းခဲ့ပါတယ်။ ကယ်ဆယ်ရေးနဲ့ နယ်မြေရဲတပ်ဖွဲ့ဝင်တွေရေ ာက်လာပြီး မျက်နှာကြက်သံတိုင်တွေကို သံဖြတ်လွှနဲ့ ဖြတ်ကာ ၁ နာရီခန့်ကြာမှ သူ့ကို ကယ်တင်နိုင်ခဲ့ပါတယ်။
အဆိုပါလူငယ်ဟာ အရင်ကလည်း လေဟာပြင်ဈေးထဲမှာ ခိုးဝှက်လေ့ရှိတယ်လို့ ဈေးထဲက လူတွေ ပြောကြပါတယ်။ တာဝန်ရှိသူတွေက သူ့ကို နခွန်ဆီမားခရိုင် လူငယ်ပြုပြင်ထိန်းသိမ်းရေးဂေဟာကို ပို့ဆောင်လိုက်တယ်လို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။