ထိုင်းတွင် ဖုန်းဆိုင်ထဲဝင်ခိုးသူ မျက်နှာကြက်တွင် ဦးခေါင်းညပ်၊ ညလုံးပေါက် ထွက်မရဘဲ ဖမ်းဆီးခံရ

ထိုင်းအရှေ့မြောက်ပိုင်း၊ နခွန်းရာ့ချ်ဆီမားခရိုင်မှာ အသက် ၁၄ နှစ်ရွယ် ဆယ်ကျော်သက်တယောက် တယ်လီဖုန်းအရောင်းဆိုင်ထဲကို ပစ္စည်းတွေခိုးယူဖို့ဝင်ရောက်လာစဉ် သူ့ရဲ့ ဦးခေါင်းက ဆိုင်အမိုး မျက်နှာကြက်ရှိ ထုပ်တန်းသံတိုင်တွေအကြား ညပ်မိနေလို့ အသက်ဘေးကလွတ်ဖို့ အော်ဟစ်အကူအညီတောင်းခဲ့ရပါတယ်။
နခွန်းရာ့ချ်ဆီမားခရိုင် ဝမ်နမ့်ခယိုမြို့နယ် ဝမ်းမီရပ်ကွက် လေဟာပြင်ဈေးက တယ်လီဖုန်းဆိုင်တစ်ဆိုင်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက် ည ၈ နာရီလောက်က ကယ်ပါ ယူပါ အကူအညီ တောင်းသံ ညည်းတွားသံတွေ ကြားရတဲ့အတွက် အိမ်နီးချင်းက ဆိုင်ရှင်ကို အကြောင်းကြားခဲ့ပါတယ် ။
ဆိုင်ရှင်အမျိုးသမီးက ချက်ချင်းရောက်လာပြီး တံခါးဖွင့်ကြည့်ရာမှာတော့ မျက်နှာကြက် သံတိုင်ကြားမှာ ခေါင်းညပ်ပြီး တွဲလောင်းကျနေတဲ့ လူငယ်တယောက်ကို တွေ့ရကြောင်း၊ သူဟာ ဆိုင်ထဲက ပစ္စည်းတွေခိုးယူဖို့ အိမ်ခေါင်မိုးကိုဖောက်ပြီး ဆင်းလာစဉ် ခန္ဓာကိုယ်က ဆင်းလို့ရပေမဲ့ ဦးခေါင်းက ထုတ်မရ ပြန်တက်လို့လည်းမရဘဲ နာကျင်စွာ ခံစားနေရလို့ အော်ဟစ် အကူအညီတောင်းနေတာလို့ ဆိုင်ရှင်က သတင်းထောက်တွေကို ပြောပါတယ်။
သူခိုးမှာ အသက် ၁၄ နှစ်သားသာရှိပြီး ဆိုင်ရှင်က ဘာလာလုပ်သလဲလို့ မေးရာမှာ သူက ပြေးလွှားဆော့ကစားရင်း ပြုတ်ကျလာကြောင်း၊ ခြေလက်တွေ အလွန်ညောင်းညာနေလို့ ထိုင်ခုံယူပေးဖို့နဲ့ ဦးခေါင်းကို ထုတ်ပေးဖို့ ငိုသံနဲ့တောင်းဆိုနေတယ်လို့ ဆိုပါတယ်။
အဆိုပါလူငယ်ကို ဆိုင်ရှင်က မှတ်လောက်သားလောက်အောင် အချိန်ဆွဲထားပြီးမှ ကယ်ဆယ်ရေး အဖွဲ့ကို ဖုန်းဆက်အကူအညီတောင်းခဲ့ပါတယ်။ ကယ်ဆယ်ရေးနဲ့ နယ်မြေရဲတပ်ဖွဲ့ဝင်တွေရေ ာက်လာပြီး မျက်နှာကြက်သံတိုင်တွေကို သံဖြတ်လွှနဲ့ ဖြတ်ကာ ၁ နာရီခန့်ကြာမှ သူ့ကို ကယ်တင်နိုင်ခဲ့ပါတယ်။
အဆိုပါလူငယ်ဟာ အရင်ကလည်း လေဟာပြင်ဈေးထဲမှာ ခိုးဝှက်လေ့ရှိတယ်လို့ ဈေးထဲက လူတွေ ပြောကြပါတယ်။ တာဝန်ရှိသူတွေက သူ့ကို နခွန်ဆီမားခရိုင် လူငယ်ပြုပြင်ထိန်းသိမ်းရေးဂေဟာကို ပို့ဆောင်လိုက်တယ်လို့ ခေါဝ်ဆွတ်သတင်းမှာ ဖော်ပြပါတယ်။