ဝါရှင်တန်အတွက် သူလျှိုလုပ်တယ်ဆိုတဲ့ သံသယနဲ့ အမေရိကန်သတင်းစာ The Wall Street Journal သတင်းထောက်တယောက်ကို မတ်လ ၃၀ ရက်က ဖမ်းဆီးလိုက်ကြောင်း ရုရှားနိုင်ငံရဲ့ ဖက်ဒရယ်လုံခြုံရေးဌာန FSB က ထုတ်ပြန်ပါတယ်။
သူလျှိုသံသယရှိသူ သတင်းထောက် ဂတ်ရှ်ကိုဗစ်ဟာ စစ်ဘက်စက်ရုံတရုံအကြောင်း နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားတဲ့ အချက်အလက်တွေကို စုဆောင်းနေတယ်လို့ စွပ်စွဲပြီးတော့ ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားကြောင်း FSB ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်ရုံရဲ့အမည်နဲ့ တည်နေရာကို မဖော်ပြထားဘဲ ရောလ်စ်တောင်တန်းဒေသရှိ ယေခါတာရင်ဘတ်ဂ်မြို့မှာ လျှို့ဝှက်သတင်းရယူဖို့ ကြိုးပမ်းနေတဲ့ အသက် ၃၁ နှစ်အရွယ် သတင်းထောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြောထားပြီး သူအပြစ်ရှိကြောင်း မှတ်တမ်း သို့မဟုတ် ဗီဒီယို သက်သေအထောက်အထားလည်း မပြပါဘူး။
The Wall Street Journal ကတော့ အမေရိကန်နိုင်ငံသား အီဗန်ဂတ်ရှ်ကိုဗစ်ကို ဖမ်းဆီးခြင်းဟာ မှားယွင်းတဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံထားတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဂတ်ရှ်ကိုဗစ်ရဲ့ လုံခြုံရေးအတွက် အလွန်စိုးရိမ်မိကြောင်းနဲ့ FSB မှ စွပ်စွဲချက်များကို ပြင်းပြင်းထန်ထန် ငြင်းဆိုထားပြီး ကျွန်ုပ်တို့ရဲ့ ယုံကြည်စိတ်ချရပြီး တာဝန်ပေးအပ်ထားတဲ့ သတင်းထောက်ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုပါကြောင်း The Wall Street Journal က ထုတ်ပြန်ကြေညာထားပါတယ်။
ဒီဖြစ်ရပ်အပေါ် မော်စကိုမြို့ရှိ အမေရိကန်သံရုံးကတော့ ချက်ချင်း မှတ်ချက်ပေးဖို့ မရှိကြောင်း ပြောပါတယ်။
မော်စကိုမြို့ Lefortovo ခရိုင်တရားရုံးကတော့ သူလျှိုလုပ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ Wall Street Journal သတင်းထောက် ဂတ်ရှ်ကိုဗစ်ကို မေလ ၂၉ ရက်အထိ ရုံးတင်မစစ်ဆေးခင် အကြိုထိန်းသိမ်းထားဖို့ မတ်လ ၃၀ ရက်မှာ အမိန့်ပေးခဲ့ပါတယ်။
ဂတ်ရှ်ကိုဗစ်က သူ့မှာအပြစ်မရှိကြောင်း မနေ့ကရုံးချိန်းမှာ လျှောက်လဲခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ TASS က ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ရှေ့နေဟာလည်း တရားခွင်ကို ဝင်ခွင့်မရဘူးလို့ တရားခွင်အပြင်ဘက်ရှိ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အီရန်နိုင်ငံမှာ သူလျှိုမှုစွဲချက်နဲ့ ၇ နှစ်ကျော် အကျဉ်းချခံထားရတဲ့ အီရန်-အမေရိကန် နိုင်ငံသား ဆီယာမက်နမာဇီက သမ္မတ ဂျိုးဘိုင်ဒင် ဆီကိုပို့လာတဲ့ စာတစောင် လက်ခံရရှိခဲ့ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားလိုက်ပြီး အီရန်ရဲ့ နိုင်ငံရေးလွှမ်းမိုးမှုအဖြစ် ဖမ်းဆီးချုပ်နှောင်မှုကို အသုံးချနေတာဟာ လက်မခံနိုင်စရာလို့လည်း ပြောပါတယ်။
အမေရိကန်အစိုးရဟာ သူ့လွတ်မြောက်မှုနဲ့ အီရန်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံသားတွေအတွက် လွတ်လပ်မှုရစေဖို့ ဆက်လုပ်ဆောင်နေပြီလို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။
ဆီယာမက်နမာဇီဟာ သူလျှိုလုပ်မှုစွဲချက်နဲ့ အီရန်မှာ ၇ နှစ်ကျော် အကျဉ်းချခံခဲ့ရတာဖြစ်ပြီး အမေရိကန်အစိုးရက ဒီစွဲချက်ဟာ အခြေအမြစ်မရှိကြောင်း ပယ်ချထားတာပါ။
တနင်္လာနေ့က ဆီယာမက်နမာဇီဟာ သူ့ကို တိုင်းပြည်ပြန်ခေါ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်ကို အသနားခံစာ ပေးပို့ခဲ့ပြီး ၇ ရက်ကြာ အစာငတ်ခံဆန္ဒပြမှု စတင်နေပြီလို့ ပြောပါတယ်။
ဒါ့အပြင် ဗြိတိန်နိုင်ငံသား အသက် ၆၇ နှစ်အရွယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် မိုရဒ် ထာဘက်ဇ်နဲ့ အသက် ၅၈ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် အီမဒ် ရှာဂီတို့ အပါအဝင် အီရန်မှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ဒုက္ခဆင်းရဲ အခက်အခဲကို တရက်မှာ တမိနစ်အချိန်ပေး စဉ်းစားပေးဖို့ စာထဲမှာ နမာဇီက ဘိုင်ဒင်ကို တောင်းဆိုထားပါတယ်။
သူလျှိုလုပ်မှုနဲ့ဆက်နွှယ်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နမာဇီရဲ့ဖခင်ဖြစ်သူကို အောက်တိုဘာလတုန်းက ဆေးကုသမှုခံယူဖို့ အီရန်နိုင်ငံကနေ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ အဲဒီစွဲချက်တွေကိုလည်း ဝါရှင်တန်က ပယ်ချထားပါတယ်။