အီရန်တွင် အကျဉ်းကျနေသည့် အမေရိကန်နိုင်ငံသား ၁ ဦးက သမ္မတဘိုင်ဒင်ထံ စာပေးပို့

အီရန်နိုင်ငံမှာ သူလျှိုမှုစွဲချက်နဲ့ ၇ နှစ်ကျော် အကျဉ်းချခံထားရတဲ့ အီရန်-အမေရိကန် နိုင်ငံသား ဆီယာမက်နမာဇီက သမ္မတ ဂျိုးဘိုင်ဒင် ဆီကိုပို့လာတဲ့ စာတစောင် လက်ခံရရှိခဲ့ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၁၇ ရက်မှာ ပြောကြားလိုက်ပြီး အီရန်ရဲ့ နိုင်ငံရေးလွှမ်းမိုးမှုအဖြစ် ဖမ်းဆီးချုပ်နှောင်မှုကို အသုံးချနေတာဟာ လက်မခံနိုင်စရာလို့လည်း ပြောပါတယ်။
အမေရိကန်အစိုးရဟာ သူ့လွတ်မြောက်မှုနဲ့ အီရန်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံသားတွေအတွက် လွတ်လပ်မှုရစေဖို့ ဆက်လုပ်ဆောင်နေပြီလို့ အိမ်ဖြူတော် သတင်းပြန်ကြားရေးအရာရှိက သတင်းထောက်တွေကို ပြောပါတယ်။
ဆီယာမက်နမာဇီဟာ သူလျှိုလုပ်မှုစွဲချက်နဲ့ အီရန်မှာ ၇ နှစ်ကျော် အကျဉ်းချခံခဲ့ရတာဖြစ်ပြီး အမေရိကန်အစိုးရက ဒီစွဲချက်ဟာ အခြေအမြစ်မရှိကြောင်း ပယ်ချထားတာပါ။
တနင်္လာနေ့က ဆီယာမက်နမာဇီဟာ သူ့ကို တိုင်းပြည်ပြန်ခေါ်ဖို့ သမ္မတ ဂျိုးဘိုင်ဒင်ကို အသနားခံစာ ပေးပို့ခဲ့ပြီး ၇ ရက်ကြာ အစာငတ်ခံဆန္ဒပြမှု စတင်နေပြီလို့ ပြောပါတယ်။
ဒါ့အပြင် ဗြိတိန်နိုင်ငံသား အသက် ၆၇ နှစ်အရွယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် မိုရဒ် ထာဘက်ဇ်နဲ့ အသက် ၅၈ နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် အီမဒ် ရှာဂီတို့ အပါအဝင် အီရန်မှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ ဒုက္ခဆင်းရဲ အခက်အခဲကို တရက်မှာ တမိနစ်အချိန်ပေး စဉ်းစားပေးဖို့ စာထဲမှာ နမာဇီက ဘိုင်ဒင်ကို တောင်းဆိုထားပါတယ်။
သူလျှိုလုပ်မှုနဲ့ဆက်နွှယ်တဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နမာဇီရဲ့ဖခင်ဖြစ်သူကို အောက်တိုဘာလတုန်းက ဆေးကုသမှုခံယူဖို့ အီရန်နိုင်ငံကနေ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။ အဲဒီစွဲချက်တွေကိုလည်း ဝါရှင်တန်က ပယ်ချထားပါတယ်။