ဆားဘီးယားနိုင်ငံမှာ ဒုတိယမြောက် အစုလိုက်အပြုံလိုက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ သံသယရှိသူ သေနတ်သမားကို ဆားဘီးယားရဲတပ်ဖွဲ့က မေ ၅ ရက်မှာ ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်တွေ က ကြေညာခဲ့ပါတယ်။
ဘဲဂရိတ်ဒ် အနီးရှိ ရွာတရွာမှာ လူ ၈ ဦးထက်မနည်း သေဆုံးခဲ့တဲ့ အခင်းဖြစ်ပွားရာနေရာကိုလည်း လုံခြုံရေး ယူထားပါတယ်။
“သံသယရှိသူဟာ ၂၀၀၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ယူဘီဆိုသူဖြစ်ပြီး ကရာဗူရှဗက်မြို့အနီးမှာ ဖမ်းဆီးရမိခဲ့ပြီးတော့ သူဟာ လူ ၈ ဦး သေဆုံးမှုနဲ့ လူ ၁၄ ဦး ဒဏ်ရာရရှိမှုတို့အတွက် သံသယရှိထားပါတယ်”လို့ ဆားဘီးယားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေတယ်လို့ ဆိုပါတယ်။
ဒေသမီဒီယာတွေရဲ့ အဆိုအရ အဲဒီသံသယရှိသူဟာ မေလ ၄ ရက်နေ့နှောင်းပိုင်းက ကျောင်းဝင်းအတွင်း ရန်ဖြစ်မှုမှာ ပါဝင်ပတ်သက်ခဲ့ပြီး အဲဒီကနေ ထွက်ခွာသွားပြီးနောက်မှာ ချေမှုန်းရေး ရိုင်ဖယ်သေနတ်တလက်နဲ့ သေနတ်တိုတလက် တို့ကို ယူဆောင်ပြီး ပြန်လာခဲ့ကြောင်း သိရပါတယ်။
နောက်တော့ သူဟာ ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့ပြီး ကြုံရာလူတွေကို ရွေ့လျားနေတဲ့ ကားပေါ်ကနေ ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။
ဆားဘီးယားသမ္မတ အလက်ဆန်ဒါ ဗူစစ်ခ်ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၃၀ မိနစ်မှာ နိုင်ငံကို မိန့်ခွန်းပြောမယ်လို့ မျှော်လင့်ရပါတယ်။
ဘော်လ်ကန်နိုင်ငံမှာ မေ ၃ ရက်က အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦးက ဘဲလ်ဂရိတ်ဒ်ရှိ ကျောင်းတစ်ကျောင်းမှာ သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
၂ ရက်အကြာမှာပဲ ဘဲလ်ဂရိတ်ဒ်ရဲ့ တောင်ဘက် ၂၆ မိုင် အကွာရှိ မလာဒီနိုဗက်စ် မြို့အနီးရှိ ဒူဘိုးနား ကျေးရွာမှာ ဒုတိယမြောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
တောင်အာဖရိကနိုင်ငံ၊ ပီတာမဲရစ်ဇ်ဘာ့ဂ်မြို့အပြင်ဘက်ရှိ မြို့နယ်တစ်ခုမှာ သေနတ်သမားတွေ ဟာ နေအိမ်တလုံးကို ဝင်ရောက်စီးနင်းခဲ့ပြီး မိသားစုတစ်စုလုံးကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ လူ ၁၀ ယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ၃ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားပြီး ဘာကြောင့် ပစ်ခတ်မှုဖြစ်တာလဲဆိုတာကိုတော့ ရဲတပ်ဖွဲ့က အကြောင်းပြချက် မပေးခဲ့ပါဘူး။
ကွာဇူလူ-နာတဲလ်ပြည်နယ်ရှိ ပီတာမဲရစ်ဇ်ဘာ့ဂ်မြို့က မှုခင်းဖြစ်ပွားရာရဲ့ အပြင်ဘက် မီဒီယာရှင်းလင်းပွဲမှာတော့ ရဲဝန်ကြီးဘက်ကီဆယ်လီက "ဒါဟာ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုခင်းတခုဖြစ်ပြီးလူတွေအများကြီး ဒီမှာပဲ အသက်ဆုံးရှုံးခဲ့ရကြောင်း ပြောကြား ခဲ့ပါတယ်။ ပြည်နယ်မှာ ရဲတပ်ဖွဲ့အင်အားတွေ ပိုပြီးလိုအပ်သလားဆိုတာ ဆွေးနွေးဖို့ ဒီမှာ ရဲတပ်ဖွဲ့ စီမံခန့်ခွဲရေးမှာ အထိုင်ချဖို့ လိုအပ်နေပြီ”လို့ ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာရှိ ရိုက်တာ ဓာတ်ပုံသတင်းထောက်တစ်ဦးကတော့ သေဆုံးခဲ့ရသူတွေရဲ့ ရုပ်အလောင်းတွေကို ထမ်းစင်ပေါ်တင်ပြီး နေအိမ်ခြံဝင်းအတွင်း ရေခဲတိုက် ကားထဲကို သယ်ဆောင်လာတဲ့မြင်ကွင်းကို တွေ့ခဲ့ရပြီးတော့ ရပ်ရွာအသိုင်းအ၀ိုင်းကလည်း စိုးရိမ်တကြီး လှမ်းကြည့်နေခဲ့ကြတယ်။
တောင်အာဖရိကနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး လူဦးရေ သန်း ၆၀ ရှိတဲ့အထဲ နှစ်စဉ် လူသတ်မှုပေါင်း ၂၀၀၀၀ လောက်ရှိကြောင်း မှတ်တမ်းတင်ထားပါတယ်။