ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဒေါနတောင်အရှေ့ခြမ်း သေ့ဘောဘိုးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ KNDO နဲ့ PDF ပူးပေါင်းတပ်တွေက ဒီကနေ့ မေ ၁၈ ရက် မွန်းလွဲပိုင်းလောက်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ စစ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံး၊ ၄ ဦးအရှင်ဖမ်းဆီးရမိ၊ ၂ ဦး မြေမြှုပ်မိုင်းနင်းမိခဲ့ကာ လက်နက် ကျည်ဆန်အကြီးအငယ် အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNLA ဘက်က ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ လာရောက်ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ KNLA ဘက်က လည်း တပ်သား ၂ ယောက် ကျဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
သေ့ဘောဘိုးစခန်းကို သိမ်းဆည်းပြီးနောက် စခန်းတွင်း နေထိုင်တဲ့ တဲလေးတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အဆိုပါ စခန်းမှ KNLA ပူးပေါင်းတပ်ဖွဲ့တွေပြန်လာထွက်ခွာခဲ့တယ်လို့သိရပါတယ်။
အဆိုပါ တပ်စခန်းသိမ်းပိုက်ရရှိခဲ့တယ်လို့ KNDO ဗိုလ်မှူးစလုံးကလည်း ထပ်မံအတည်ပြုပြောဆိုခဲ့ပါတယ်။
KNLA ပူးပေါင်းတပ်တွေက တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နေစဉ် စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ရေး လေယာဉ် ၃ စီးနဲ့ ရဟတ်ယာဉ် ၁ စီးက လာရောက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်တိုင်းစစ်ရေးနယ်မြေ၊ ထောက်ပို့တာဝန်ခံ ကိုရဲမင်းက ဆိုပါတယ်။
”အခုနောက်ဆုံးသတင်းအရ စခန်းကိုတော့ရသွားပြီးလို့ သိရတယ်။ အခု လုံခြုံရေးအရဖြစ်မယ် သတင်းမထုတ်ပြန်သေးတာက။ အခုတောင် လေယာဉ်နဲ့ တောက်လျှောက်လာပစ်နေတယ်”
စခန်းသိမ်းတိုက်ပွဲကြောင့် သေ့ဘောဘိုးရွာသားတွေနဲ့ ဆုံဆည်းမြိုင်ရွာသားတွေ ၃၀၀ လောက် ထိုင်းနိုင်ငံ တာခ်ရိုင် ဖုတ်ဖမြို့ မောကိုးထိုင်းနဲ့သစ်ဘောဘိုးထိုင်းရွာဘက်ကို စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်သွား ကြပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(ကေအန်ယူ)၊ တပ်မဟာ ၆ နယ်မြေကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် စစ်ကောင်စီတပ်တွေနဲ့ KNLA ၊ KNDO၊ PDF ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်လိုလိုတိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီတပ်စခန်းတွေကို ပူးပေါင်းတပ်ဖွဲ့ဝင်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။
ဒါအပြင် KNLA ပူးပေါင်းတပ်ဖွဲတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိအပါအဝင် အရှင်ဖမ်းဆီးမိတာ၊ လက်နက်ခဲယမ်းမျိုးစုံ သိမ်းပိုက်ရယူနိုင်ခဲ့သလို တိုက်ပွဲတွေအတွင်း တပ်ရင်းမှူး အပါအဝင် သေဆုံးသူ၊ ဒဏ်ရာရရှိသူအများအပြားရှိခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တွေက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေယာဉ်တွေနဲ့ ဗုံးကြဲတာအပြင် အရပ်သားတွေကို လူသားဒိုင်းအဖြစ် ခေါ်ဆောင်တာတွေကြောင့် စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကေအန်ယူထိန်းချုပ်ရာနယ်မြေအတွင်း အရပ်သားပြည်သူ ၇၀,၀၀၀ ကျော်ဟာ နေအိမ်စွန်ခွာပြီး တော၊ တောင်၊ လျှိုမြောင်တွေနဲ့ နယ်စပ်သောင်းရင်းမြစ်တလျှောက် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးအနီး ဝေါလေလမ်းမပေါ်မှာ မတ်လ ၂၇ ရက်က စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းကို KNLA၊ DKBA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၆၀ ကျော်သေပြီး ၂၀ ကျော် ဒဏ်ရာရသွားပါတယ်။
ဘလယ်ဒိုစခန်းလမ်းမှာ ပူးပေါင်းတပ်ဖွဲ့တွေက ချုံခိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ ၆၁ ဦး သေဆုံး ၂၀ ကျော်ဒဏ်ရာရသွားပြီး လူနာတွေကိုတော့ ကျောက်ခက်ဘုန်းတော်ကြီးကျောင်းမှာ တချို့ထားရှိကာ တချို့ကိုတော့ ကားသုံးစီးနဲ့ သင်္ဃန်းညီနောင် စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်တွေဟာ မောခီး၊ ကလော်ကော်၊ အို့ကရစ်ခီး၊ အို့ကရစ်ထပ်နဲ့ ကနဲလေး စစ်ကောင်စီတပ်စခန်းတွေကို စစ်ကူတပ်ကူအဖြစ်နဲ့ စေလွှတ်တဲ့ တပ်တွေဖြစ်ပြီး KNLA ၊ KNDO DKBA တပ်တွေကို ရှင်းလင်းဖို့ နေပြည်တော်ကနေ ညွှန်ကြားချက်ပေးထားတဲ့ တပ်ဖွဲ့တွေလို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေ အကျအဆုံးများလွန်းလို့ အလောင်းတောင် မကောက်နိုင်ဘဲ ပစ်ထားခဲ့ရပြီး လက်နက်တွေတော့ ကောက်ယူသိမ်းသွားတယ်လို့ KNPF ရဲမေတယောက်က ပြောပါတယ်။
“မနေ့က မနက်ကနေပြီး တက်လာတာာ ညဘက်လောက်မှ တိုက်ပွဲကပြီးတာ။ တက်လာတဲ့ အင်အားက ရာကျော်တယ်လေ။ အခုအထိအခိုက်နဲ့ အကျအဆုံးဆိုရင်တော့ စုစုပေါင်း ၁၀၀ ကျော်တယ်။ ဒါပေမဲ့ သေဆုံးသူက ၆၀ ကျော်ဆိုတော့ ကျန်တာတွေက ထိခိုက်ဒဏ်ရာရသူတွေပေါ့။ အဖွဲ့ကလောလောဆယ်အတည်ပြုထားတာကတော့ ကျဆုံး ၆၁ ယောက်လို့အတည်ပြုထားတယ်။ အခု အဲ့ဒိဒဏ်ရာရသူတွေကို လတ်တလော ကျောက်ခက်ဆေးရုံမှာပို့ထားတယ်။ ၂၀ ကျော်လောက်ရှိတယ်။ အလောင်းတွေကို သူတို့လာကောက်လို့မရဘူး KNU-KNLA ဘက်က ပိတ်ထားလိုက်ပြီ။ သူတို့အလောင်းလာကောက်လို့မရတော့ဘူး။ ဒီနေ့ မနက် နယ်မြေရှင်းလင်းရေးလုပ်တော့မှ အလောင်းတွေက တချို့ဆို ပုပ်စော်နံနေပြီ၊ သူတို့ကတော့ ရနိုင်သမျှ လက်နက်တွေကောက်ယူသွားပေမဲ့ ကျန်နေခဲ့တဲ့ လက်နက် တော်တော်များများရလိုက်တယ်။”
မနေ့က အာရှလမ်း၊ တောနော်ရေတံခွန်နားမှာလည်း ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၈ ယောက်ကျဆုံးခဲ့တယ်လို့ KNPF ကနေသိရပါတယ်။
အခုတိုက်ပွဲတွေကို စစ်ကောင်စီဘက်က တပ်မ ၂၂ နဲ့ တပ်မ ၄၄ တပ်တွေ လာတိုက်တာဖြစ်ပြီး၊ စစ်ကောင်စီဘက်က ဗျူဟာမှူး၊ စစ်ကျောင်းမှူး တယောက်ကျဆုံး ဒါမှမဟုတ် ဖမ်းမိထားတယ်လို့ သတင်းထွက်နေပေမဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီနေ့ မတ်လ ၂၈ ရက်မှာတော့ သထုံ-ဘားအံ အမြန်လမ်းဘက်ကနေ ထပ်တက်လာတဲ့ စစ်ကားတန်းတချို့ကို ဒေသခံပြည်သူတချို့ရဲ့ ရုပ်သံမှတ်တမ်းတွေအရ သိရပါတယ်။
မြဝတီမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေက စစ်ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်ခဲ့လို့ ဒေသခံပြည်သူတွေ ၄၀၀ ကျော်လောက် ထိုင်းနိုင်ငံဘက်ကို ထပ်မံ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။