close

သဲမုန်တိုင်း

close

May 5, 2023

တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်တွင် သဲမုန်တိုင်း တိုက်ခတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ရှင်းကျန်းပြည်နယ် ဝီဂါတောင်ပိုင်းမှာ ပြီးခဲ့တဲ့အင်္ဂါနေ့ကစလို့ ကြီးမားတဲ့ သဲမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ် နေပါတယ်။ 

တာ့ခ်လာမကန် သဲကန္တာရအဆုံးရှိ ဝမ်ဆူ စီရင်စုမှာ မီတာ ၁၀၀ နီးပါးမြင့်တဲ့ သဲနံရံကြီးတစ်ခုက ဒေသတွင်း အဝေးပြေးလမ်း တစ်ခုပေါ်  ဖြတ်သန်းသွားတာကို ဒေသခံတွေရဲ့ ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။ 

ဒီလို သဲထုကြီးထဲကို မော်တော်ယာဉ်တွေ ဖြတ်သန်းသွားတဲ့အခါမှာ မီတာ ၁၀၀ အကွာအဝေးကိုတောင် မမြင်ရဘူးလို့ ဆိုပါတယ်။ 

ဒေသဆိုင်ရာ မိုးလေဝသ အာဏာပိုင်အဖွဲ့ကတော့ ဒီသဲမုန်တိုင်းဟာ သောကြာနေ့အတွင်း စတင် ငြိမ်သက်လာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

6 mins Ago

March 23, 2023

တရုတ်နိုင်ငံမြို့တော် ပေကျင်းတွင် သဲမုန်တိုင်းတိုက်

တရုတ်နိုင်ငံမြို့တော် ပေကျင်းကို မတ် ၂၂ ရက်က သဲမုန်တိုင်းတွေ သိပ်သိပ်သည်းသည်း တိုက်ခတ်ခဲ့တာကြောင့် မြင်နိုင်စွမ်း အပြင်းအထန်ထိခိုက်ခဲ့ပြီး အဆောက်အအုံတွေနဲ့ လမ်းတွေ ဖုန်ထူတွေအောက် ရောက်ကုန်ပါတယ်။

လူဦးရေ ၂၁ သန်းကျော်နေတဲ့ ပေကျင်းမြို့တော်မှာ လွန်ခဲ့တဲ့ ရက်အတော်ကြာကတည်းက သဲမုန်တိုင်းတွေ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် အဝါရောင်အဆင့် သဲမုန်တိုင်းသတိပေးချက် ထုတ်ပြန်ခဲ့ရသလို လေထုညစ်ညမ်းမှုအဆင့် သိသိသာသာ တိုးမြင့်ခဲ့တာပါ။

မြေအောက်ရထားပေါ်မှာ ဖုန်နံ့ နံတာနဲ့ သူတို့အဝတ်အစားတွေပေါ်မှာ သဲတွေ တင်ကျန်ခဲ့တာကလွဲလို့ ဆိုးရွားတဲ့ရာသီဥတုကြောင့် လူအများစုရဲ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်တွေကို မထိခိုက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပေဂျင်းမြို့တော်မှာ ဗုဒ္ဓဟူးနေ့က လေထုအရည်အသွေး အညွှန်းကိန်း ၅၀၀ ထိ ရောက်ခဲ့ပါတယ်။ သဲမုန်တိုင်းတွေဟာ လေထုညစ်ညမ်းမှုအဆင့် ၆ ထိရောက်အောင် တွန်းပို့ခဲ့ပြီး ဒါဟာ လူ့ကျန်းမာရေးကို အလွန်အန္တရာယ်ဖြစ်စေနိုင်တယ်လို့  ပေကျင်းဂေဟဗေဒ ပတ်ဝန်းကျင်စောင့်ကြည့်ရေးစင်တာက ပြောပါတယ်။

ကြီးမားတဲ့ ဂိုဘီသဲကန္တာရနဲ့ နီးကပ်နေပြီး တရုတ်နိုင်ငံ မြောက်ပိုင်းတခွင် သစ်တောပြုန်းတီးမှုကြောင့် မတ်လနဲ့ ဧပြီလအတွင်း သဲမုန်တိုင်းတွေကို ပုံမှန်လိုလို ကြုံတွေ့ရလေ့ရှိပါတယ်။

1 month Ago
Up