တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းက ကနေဒါကောင်စစ်ဝန်ချုပ်ရုံးက သံတမန်တယောက်ကို နှင်ထုတ်လိုက်ပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက မေ ၉ ရက်မှာ ကြေညာခဲ့ပါတယ်။
ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တရုတ်ကောင်စစ်ဝန်ချုပ်ရုံးမှာရှိတဲ့ သံတမန်တယောက်ကို ကနေဒါအစိုးရက မေ ၉ ရက် အစောပိုင်းမှာ နှင်ထုတ်ခဲ့ပြီးနောက် တရုတ်ဘက်က ပြန်လည်တုံ့ပြန်လိုက်တာပါ။
ကနေဒါအစိုးရရဲ့ လုပ်ရပ်ကို တရုတ်က အပြင်းအထန် ပြစ်တင်ရှုတ်ချပြီး ခိုင်ခိုင်မြဲမြဲ ဆန့်ကျင်တယ်လို့ ပြောရင်း အသည်းအသန် ကန့်ကွက်ခဲ့ပါတယ်။
အဲဒီနောက် လက်တုံ့ပြန်တဲ့အနေနဲ့ ကနေဒါကောင်စစ်ဝန် ဂျနီဖာ လင်း လာလွန်ဒေကို မေ ၁၃ ရက် မတိုင်ခင် ရှန်ဟိုင်းကနေ ထွက်သွားဖို့ နှင်ထုတ်ခဲ့တယ်လို့ ပြောခွင့်ရက ဆိုပါတယ်။
တရုတ်နိုင်ငံမှာ နောက်ထပ် တုံ့ပြန်ဖို့ အခွင့်အရေး ရှိသေးတယ်လို့လည်း ပြောခဲ့ပါတယ်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆပ်ဝူက တိုင်ပေအနေနဲ့ ဆယ်စုနှစ်များစွာကြာ မဟာမိတ်နိုင်ငံ တခုဖြစ်တဲ့ ဟွန်ဒူးရပ်စ် နဲ့ တရားဝင်ဆက်ဆံရေး ဖြတ်တောက်လိုက်ပြီလို့ မတ် ၂၆ ရက်မှာ သတင်းထောက်တွေကို အတည်ပြုပြောကြားပါတယ်။
ဟွန်ဒူးရပ်စ်ဘက်က အဆက်အသွယ်ဖြတ်တောက်ကြောင်း ကြေညာခဲ့ပြီးနောက် မကြာခင်မှာပဲ ထိုင်ဝမ်ရဲ့ ဒီကြေညာချက် ထွက်ပေါ်လာခဲ့တာပါ။
ဟွန်ဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ တပြည်လုံးအပေါ် ကိုယ်စားပြုတဲ့ တခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း ပြောကြားခဲ့ပြီး ထိုင်ဝမ်ကျွန်းဟာလည်း “တရုတ် ပိုင်နက်ထဲက ခွဲထွက်မရနိုင်တဲ့ အစိတ်အပိုင်းတခုသာ ဖြစ်တယ်” လို့ မှတ်ချက်ပေးပါတယ်။
ဟွန်းဒူးရပ်စ် သမ္မတ ဆီယိုမာရာ ကက်စထရိုကလည်း သူ့အစိုးရနဲ့ ပေကျင်းအကြား တရားဝင် ဆက်ဆံရေးကို စတင်တော့မယ်လို့ ပြောဆိုခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက တရုတ်နိုင်ငံကို သွားရောက်ကာ ဆက်ဆံရေးကဏ္ဍအသစ် ဖွင့်လှစ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေအပြီး ဟွန်ဒူးရပ်စ်ဘက်က ဆက်ဆံရေးဆိုင်ရာအရွှေ့ကို ကာလအတန်ကြာ မျှော်မှန်းထားခဲ့ပြီးသား ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အစောပိုင်းမှာ အာဏာရလာခဲ့တဲ့ ကတ်စထရိုကို ဝူက ပြောကြားရာမှာ ဟွန်ဒူးရပ်စ် အစိုးရဟာ တရုတ်နိုင်ငံနဲ့ပက်သက်ရင် "အမြဲတမ်းထင်ယောင်ထင်မှား" ဖြစ်နေခဲ့ပြီး တရုတ်နိုင်ငံ ဘက်ကလည်း "မက်လုံးပေး ဆွဲဆောင်မှု" ကို ဘယ်တော့မှ မရပ်တန့်ခဲ့ဘူးလို့ ဆိုပါတယ်။
ကတ်စထရိုရဲ့ မူလကြေညာချက်မတိုင်ခင် တရက်အလို မတ် ၁၃ ရက်မှာ ဟွန်းဒူးရပ်စ် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက ထိုင်ဝမ်ကို စာလိပ်မူပေးပို့ခဲ့ပြီး အဲဒီထဲမှာ ဆေးရုံနဲ့ဆည်တခုစီ တည်ဆောက်ဖို့ အပါအဝင် စုစုပေါင်း ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံအထိ အကူအညီပေးဖို့ တောင်းဆိုခဲ့သလို ကြွေးမြီးတွေကိုပါ လျှော်ပစ်ပေးဖို့လည်း ပါဝင်တယ်လို့ ဝူက ဖြည့်စွက်ပြောပါ တယ်။
ဒါ့အပြင် ဝူက "ဟွန်းဒူးရပ်စ် လိုချင်တာဟာ ဆေးရုံတခုမဟုတ်ဘဲ ပိုက်ဆံသာဖြစ်တယ်" ဆိုပြီး မှတ်ချက်ပြုပါတယ်။
၁၉၄၀ ပြည့်နှစ်တွေကတည်းက စတင်ခဲ့တဲ့ ဟွန်းဒူးရပ်စ်နဲ့ ထိုင်ဝမ်အကြား သံတမန် ဆက်ဆံရေး ကို ဒီကနေ့အစောပိုင်းမှာ နှစ်ဖက်စလုံးက ဖြတ်တောက်ခဲ့တာပါ။
ဒါကြောင့် ထိုင်ဝမ်အနေနဲ့ နိုင်ငံပေါင်း ၁၃ နိုင်ငံနဲ့သာ တရားဝင်သံတမန်ဆက်ဆံရေး ရှိတော့မှာ ဖြစ်ပြီး အဲ့ဒီထဲက အများစုဟာ ဗဟို အမေရိက၊ ကာရေဘီယံ နဲ့ ပစိဖိတ်ဒေသတွေရှိ ဆင်းရဲနွမ်းပါးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေသာ ဖြစ်တယ်လို့ သိရပါတယ်။