ရုရှားက ယူကရိန်းကို အချိန်မရွေးတိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန်က သတိပေးခဲ့ပြီးနောက် အမေရိကန်သံရုံးဝန်ထမ်းတွေကို ယူကရိန်းကနေ အမြန်ဆုံး ထွက်ခါဖို့ အိမ်ဖြူတော်က ကြေညာခဲ့ပါတယ်။
အဲဒီနောက် အစ္စရေး၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဗြိတိန်၊ ဂျပန်၊ လတ်ဗီးယား၊ နော်ဝေ၊ နယ်သာလန်တို့ကလည်း သူတို့သံရုံးဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေကို ယူကရိန်းကနေ ထွက်ခွာဖို့ ကြေညာခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်မှာ စတင်ထွက်ခွာကြပါတယ်။
အစ္စရေးက ကိယက်ဗ်မြို့ဟာ စိုးရိမ်ဖွယ်အခြေအနေရှိတာကြောင့် အစ္စရေးနိုင်ငံသားတွေ မသွားကြဖို့ ပြောထားတာပါ။ ကနေဒါကတော့ ကိယက်ဗ်မြို့က သံရုံးကိုပိတ်ထားပြီး လဗီးမြို့မှာ ပြောင်းရွှေ့ထားပါတယ်။
ရုရှားအစိုးရကတော့ အဲဒီနိုင်ငံတွေ Hysteria ရောဂါလို စိတ်ချောက်ချားနေကြတာလို့ ဝေဖန်ပါတယ်။ ကိယက်ဗ်မြို့ရှိ ရုရှားသံရုံးကိုလည်း ဆက်ဖွင့်ပြီး သံရုံးဝန်ထမ်းတွေ ပုံမှန်လည်ပတ်နေဖို့ မော်စကိုက ညွှန်ကြားထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်အပါအဝင် တနိုင်ငံလုံးကို တာလီဘန်တွေက သိမ်းပိုက်အပြီး နိုင်ငံအသီးသီးက သူတို့ သံရုံးဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အမြန်ကြိုးစားနေကြပါတယ်။
နိုင်ငံထဲကနေထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူအုပ်ကြီးက လေယာဉ်ပြေးလမ်းကို ပိတ်ဆို့နေလို့ ကဘူးလေဆိပ်ကနေ ဘယ်ကယ်ဆယ်ရေး လေယာဉ်တွေမှ မထွက်နိုင်သေးဘူးလို့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ဩဂုတ် ၁၆ ရက်က ပြောပါတယ်။
အမေရိကန်စစ်တပ်က သူ့သံရုံးဝန်ထမ်းတွေကို ကယ်ထုတ်ဖို့ စောင့်ကြပ် ခေါ်လာချိန်မှာ လေဆိပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူငါးယောက်သေဆုံးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
တူရကီအစိုးရကတော့ သူ့နိုင်ငံသား ၃၂၄ ယောက်ကို တားကစ်ရှ်လေကြောင်းလိုင်းနဲ့ မနေ့က ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ တယ်လို့ ပြောပါတယ်။
လေယာဉ်ပြေးလမ်းပေါ်က အရပ်သားတွေကို စစ်တပ်ကရှင်းနေရလို့ လေယာဉ်ပေါ်မှာ ၃နာရီလောက် ထိုင်စောင့်ခဲ့ရတယ်လို့ ခရီးသည်တွေက အစ္စတန်ဘူလ်လေဆိပ်ကို ရောက်ရောက်ချင်းမှာ ပြောပါတယ်။