နိုင်ငံအသီးသီးက သံရုံးဝန်ထမ်းများနှင့် နိုင်ငံသားများကို အာဖဂန်မှ အမြန်ကယ်ထုတ်ရန် ကြိုးပမ်း

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်အပါအဝင် တနိုင်ငံလုံးကို တာလီဘန်တွေက သိမ်းပိုက်အပြီး နိုင်ငံအသီးသီးက သူတို့ သံရုံးဝန်ထမ်းတွေနဲ့ နိုင်ငံသားတွေကို ကယ်ထုတ်ဖို့ အမြန်ကြိုးစားနေကြပါတယ်။
နိုင်ငံထဲကနေထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူအုပ်ကြီးက လေယာဉ်ပြေးလမ်းကို ပိတ်ဆို့နေလို့ ကဘူးလေဆိပ်ကနေ ဘယ်ကယ်ဆယ်ရေး လေယာဉ်တွေမှ မထွက်နိုင်သေးဘူးလို့ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ဩဂုတ် ၁၆ ရက်က ပြောပါတယ်။
အမေရိကန်စစ်တပ်က သူ့သံရုံးဝန်ထမ်းတွေကို ကယ်ထုတ်ဖို့ စောင့်ကြပ် ခေါ်လာချိန်မှာ လေဆိပ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူငါးယောက်သေဆုံးတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
တူရကီအစိုးရကတော့ သူ့နိုင်ငံသား ၃၂၄ ယောက်ကို တားကစ်ရှ်လေကြောင်းလိုင်းနဲ့ မနေ့က ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ တယ်လို့ ပြောပါတယ်။
လေယာဉ်ပြေးလမ်းပေါ်က အရပ်သားတွေကို စစ်တပ်ကရှင်းနေရလို့ လေယာဉ်ပေါ်မှာ ၃နာရီလောက် ထိုင်စောင့်ခဲ့ရတယ်လို့ ခရီးသည်တွေက အစ္စတန်ဘူလ်လေဆိပ်ကို ရောက်ရောက်ချင်းမှာ ပြောပါတယ်။