close

သြစတြီးယား

close

February 4, 2023

ရုရှားသံတမန် ၄ ဦးကို သြစတြီးယားနိုင်ငံက နှင်ထုတ်

နိုင်ငံတကာ သဘောတူညီချက်တွေနဲ့ မကိုက်ညီတဲ့ အပြုအမူတွေကြောင့်  ရုရှားသံတမန် လေးယောက်ကို နိုင်ငံကနေနှင်ထုတ်လိုက်ကြောင်း သြစတြီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ရက်က ပြောပါတယ်။ 

သြစတြီးယားနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှာ နေထိုင်တဲ့ သံတမန် ၄ ဦးထဲက ၂ ဦးကို ကြိုဆို လက်ခံခြင်း မရှိတဲ့ ပုဂ္ဂိုလ်တွေလို့ ကြေညာခဲ့ပြီး သူတို့ကို ဖေဖော်ဝါရီ ၈ ရက် နောက်ဆုံးထားပြီး နိုင်ငံကနေ ထွက်ခွာဖို့ အမိန့်ပေးထားပါတယ်။ 

ကျန် ၂ ဦးကတော့ ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားမစ်ရှင်မှာ လုပ်ဆောင်နေကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ရုရှားသံရုံးမှ သံတမန် နှစ်ဦးဟာ သူတို့ရဲ့သံတမန် အဆင့်အတန်းနဲ့ မကိုက်ညီတဲ့ အပြုအမူတရပ်ကို လုပ်ဆောင်ခဲ့ကြောင်းနဲ့ ကုလသမဂ္ဂဆိုင်ရာ ရုရှားမစ်ရှင်မှာ လုပ်နေတဲ့ ၂ ယောက်ကတော့ ကုလသမဂ္ဂနဲ့ သြစတြီးယားနိုင်ငံတို့အကြားက အိမ်ရှင်နိုင်ငံ သဘောတူညီချက်နဲ့မကိုက်ညီတဲ့ နည်းလမ်းကို ဆောင်ရွက်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ရုရှားသံတမန်တွေဟာ ဘာတွေလုပ်ခဲ့တယ် ဆိုတာကို ဝန်ကြီးဌာနက မဖော်ပြဘဲ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။ 

ရုရှားသံရုံးက မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပါဘူး။ ဒီကိစ္စမှာ သူလျှိုလုပ်ခြင်း ပါဝင်နေတယ်လို့ အမည်မဖော်လိုသူ အရာရှိတွေက ပြောပါတယ်။

တခြားဥရောပနိုင်ငံတွေကလည်း ရုရှားတွေကို နှင်ထုတ်ချိန်တုန်းက ပြီးခဲ့တဲ့ ဧပြီလက ဩစတြီးယားကနေ နှင်ထုတ်ခံရသူ ၄ ဦးထက် အခုသံတမန်တွေက ရာထူးပိုမြင့်ကြောင်း အရာရှိတယောက်က ပြောပါတယ်။ 

နှင်ထုတ်ခံရသူတွေထဲမှာ သံအမတ် တစ်ယောက်မှ မပါကြောင်းလည်း ပြောပါတယ်။ အခုလုပ်ဆောင်ချက်ကြောင့် ၂၀၂၀ ခုနှစ်ကတည်းက သြစတြီးယားကနေ နှင်ထုတ်ခဲ့တဲ့ ရုရှားသံတမန် အရေအတွက် ၉ ဦး ရှိသွားပါပြီ။  

၂၀၂၀ ပြည့်နှစ်သြဂုတ်လတုန်းက နှင်ထုတ်ခံရတဲ့ ရုရှားသံတမန်တစ်ဦးဟာ စီးပွားရေး သူလျှိုကိစ္စ ဖြစ်ကြောင်း ဩစတြီးယားမီဒီယာက ပြောပါတယ်။ 

7 mins Ago

December 3, 2021

သြစတြီးယား ကွန်ဆာဗေးတစ်ခေါင်းဆောင် နိုင်ငံရေးက နုတ်ထွက်

အဂတိလိုက်စားမှု သံသယနဲ့ စုံစမ်းစစ်ဆေးခံရပြီးနောက်ပိုင်း အောက်တိုဘာလက အဓိပတိရာထူး ကနေလည်း နုတ်ထွက်ထားတဲ့ သြစတြီးယားကွန်ဆာဗေးတစ်ခေါင်းဆောင် Sebastian Kurz ဟာ နိုဝင်ဘာ ၂ ရက်နေ့က နိုင်ငံရေးကနေ နုတ်ထွက်ကြောင်း ကြေညာလိုက်ပါတယ်။

Kurz ဟာ ၂၀၁၇ ခုနှစ်ကတည်းက သူ့ရဲ့ပြည်သူ့ပါတီနဲ့ သြစတြီးယားနိုင်ငံရေးလောကမှာ အသာစီးရကာ ပါတီခေါင်းဆောင်အဖြစ် ပါလီမန်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတော့ လက်ယာစွန်း ဖရီးဒမ်းပါတီနဲ့ ညွန့်ပေါင်းဖွဲ့စည်းကာ ပါတီခေါင်းဆောင်ဖြစ်လာပြီး အဓိပတိအဖြစ် တာဝန်ယူခဲ့တာပါ။ 

အသက် ၃၅ နှစ်အရွယ် Kurz ဟာ ယုံကြည်မှုချိုးဖောက်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ လာဘ်ပေးလာဘ်ယူမှု စွဲချက်အမျိုးမျိုးနဲ့ သံသယရှိသူ ၁၀ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်က Kurz ကို ပါတီခေါင်းဆောင်နဲ့ အဓိပတိဖြစ်လာအောင် ကူညီဖို့ရည်ရွယ်ချက်နဲ့ အစိုးရ ရန်ပုံငွေတွေကို ကော်မရှင်က လျှို့ဝှက်စွာခြယ်လှယ်ပြီး မဲရုံတွေမှာ အသုံးပြုခဲ့တယ်လို့ အစိုးရ ရှေ့နေတွေက စွပ်စွဲထားပါတယ်။

Kurz ကတော့ အမှားအယွင်း မလုပ်ထားကြောင်း ငြင်းဆိုထားပါတယ်။ 

အစိုးရရှေ့နေတွေက အဂတိလိုက်စားမှု စုံစမ်းရေး ကော်မရှင်ကို ဖွင့်ပြီးနောက်မှာ သူ့ရဲ့ ညွန့်ပေါင်းမိတ်ဖက် Greens ပါတီရဲ့တောင်းဆိုချက်အရ အောက်တိုဘာလမှာ အဓိပတိရာထူးမှ နုတ်ထွက်ခဲ့ပြီးတော့ သူဟာ ပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ်အဖြစ် ဆက်လက်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။ 

ခုတော့ သူဟာ နိုင်ငံရေးကနေ လုံးဝ နုတ်ထွက်တော့မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။‌ 

Kurz နေရာမှာ ဆက်ခံမယ့်သူ ဘယ်သူဘယ်ဝါဖြစ်မယ်ဆိုတာ ပြည်သူတွေ မသိကြသေးပါဘူး။ ပြည်ထဲရေးဝန်ကြီး Karl Nehammer ဆက်ခံမယ်ဆိုရင် ဝမ်းသာကြမယ်လို့ ထင်ကြေးပေးနေသူ တွေရှိပြီး တချို့ကလည်း အဓိပတိဟောင်း Alexander Schallenberg ရဲ့ ဆက်ခံသူ ထုတ်ပြန်ချက်ကို စောင့်ဆိုင်းနေကြပါတယ်။ 

Kurz ရဲ့ နုတ်ထွက်မှုဟာ သြစတြီးယားကို အံ့အားသင့်စေခဲ့ပြီး သူ့ရဲ့ပြည်သူ့ပါတီ (OVP) မှာ အာဏာလစ်လပ်သွားစေပါတယ်။

1 year Ago
Up